နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်တချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလထုတ်ပြန်
PUBLISHED - September 10, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၀
မနက်ဖြန်နံနက်အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့ တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း သိရသည်။
ယနေ့ မွန်းလွဲ ၁၂နာရီ ၃၀အချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို ဖြတ်ကျော်လျက် ရှိသော လေပွေလှိုင်း သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည် နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။
မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ပြီး မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း သိရသည်။
#PeopleMedia