နောင်ချိုမြို့တွင် HYUNDAI ယာဉ်ပေါ်မှ ကျပ်သိန်း ၇၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
PUBLISHED - March 2, 2024
နေပြည်တော်၊ မတ် ၂
ရှမ်းပြည်နယ် နောင်ချိုမြို့တွင် HYUNDAI GRAND STAREX မော်တော်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၇၆၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၉ သိန်းနှင့် စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် နောင်ချို မြို့၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးအတိုင်း ကျောက်မဲဘက်မှ နောင်ချိုဘက်သို့ မင်းမင်းကို မောင်းနှင်လာသော HYUNDAI GRAND STAREX မော်တော်ယာဉ်ကို သတင်း အရ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၇၆၉၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၉ သိန်းနှင့် စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၈ ကီလိုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၁ နာရီအချိန် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ ကျော်သူ အောင်အား နောင်ချိုမြို့နယ်၊ သဖန်းကိုင်းကျေးရွာအနီးတွင် NISSAN AD VAN မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့၍ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
#PeopleMedia