နောင်ချိုမြို့နယ်တွင် LANDCRUISER ယာဉ်ပေါ်၌ သိုဝှက်သယ်ဆောင်လာသည့် ကျပ်သိန်း ၁၁၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
PUBLISHED - May 3, 2024
နေပြည်တော်၊ မေ ၃
ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွင် LANDCRUISER ယာဉ်ပေါ်၌ သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၁၁၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
မေလ ၂ ရက်နေ့ ၁၂နာရီ ၃၀အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ ဒုဋ္ဌဝတီ တံတားအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ရပ်စောက်မြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ နေလင်း မောင်းနှင်ပြီး မနန်းစံမွန်း လိုက်ပါလာသည့် TOYOTA LANDCRUISER အမျိုးအစား မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၁၇၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် နေလင်း(၃၇)နှစ် နှင့် မနန်းစံမွန်း(၃၃)နှစ်တို့အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia