နောင်ချိုမြို့နယ်၌ LIGHT TRUCK ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် သိန်း ၇၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းဖမ်းဆီးရမိ
PUBLISHED - May 8, 2024
နေပြည်တော်၊ မေ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် LIGHT TRUCK ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၇၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် နောင်ချိုမြို့နယ်၊ ဒုဋ္ဌဝတီတံတားအနီးတွင် ရပ်စောက်ဘက်မှ နောင်ချိုဘက်သို့ ညီညီအောင် မောင်းနှင်လာသည့် LIGHT TRUCK မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် စစ်ဆေးမခံဘဲ အရှိန်တင်မောင်းနှင်ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးခဲ့ရာ နောင်ချိုမြို့နယ်၊ မကျီးရေကျေးရွာအနီး၊ နောင်ချို – ရပ်စောက်သွားကား လမ်း၊ မိုင်တိုင်အမှတ် ၁၁၇/၃ အနီး လမ်းဘေးရှိချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်သွားစဉ် ညီညီအောင် အား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia