• Follow Us on
Latest News

Home နော်ဝေက တတိယမြောက်နိုင်ငံအဖြစ် ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေပေးပို့သွားမည်

နော်ဝေက တတိယမြောက်နိုင်ငံအဖြစ် ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေပေးပို့သွားမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၅

 

ဆိုဗီယက်ခေတ်လေယာဉ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ယူကရိန်းလေတပ်ကို အဆင့်မြှင့်တင်ပေးဖို့အတွက် နော်ဝေ နိုင်ငံက ယူကရိန်းနိုင်ငံကို တတိယမြောက်နိုင်ငံအဖြစ် F-16 ဂျက်တိုက်လေယာဉ်တွေ ပေးပို့သွားမှာဖြစ်ကြောင်း နော်ဝေမီဒီယာတွေက ကြာသပတေးနေ့ (သြဂုတ်လ ၂၄ ရက်နေ့) က ရေးသားဖော်ပြခဲ့ပါတယ်။

 

နိုင်ငံရဲ့အရှေ့ပိုင်းမှာ ရုန်းမထွက်နိုင်တဲ့ တန်ပြန်ထိုးစစ်ကို ယူကရိန်းနိုင်ငံက ဆက်လက်ဆင်နွှဲနေတုန်း အခုသ တင်းထွက်ပေါ်လာတာဖြစ်ပေမဲ့ ပေးပို့မယ့်လေယာဉ်အစင်းရေနဲ့ ပေးပို့သွားမယ့်ရက်စွဲကိုတော့ နော်ဝေနိုင်ငံက ဖွင့်ဟပြောဆိုခြင်းမရှိပါဘူး။

 

နော်ဝေကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်အမျိုးသမီးတစ်ဦးကို AFP သတင်းဌာနက မေးမြန်းစုံစမ်း ကြည့်ပေမဲ့ အဲဒီအမျိုးသမီးက ဒီသတင်းကို အတည်မပြုသလို ငြင်းဆိုခြင်းလည်းမရှိဘူးလို့ဆိုပါတယ်။

 

နော်ဝေဝန်ကြီးချုပ် ယိုနက်ဂါစတိုရာက ယူကရိန်းလွတ်လပ်ရေးနေ့ဖြစ်တဲ့ သြဂုတ်လ ၂၄ ရက်နေ့မှာ ယူကရိန်း နိုင်ငံကို မမျှော်လင့်ဘဲသွားရောက်ခဲ့ပြီးနောက် အခုသတင်းထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

 

နော်ဝေဝန်ကြီးချုပ်ခရီးစဉ်အတွင်း နော်ဝေနိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံကို Iris-T လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ၊ မိုင်းရှင်းကိရိယာတွေနဲ့ လာမယ့်ဆောင်းရာသီအတွက် ဂက်စ်နဲ့ လျှပ်စစ်ဓာတ်အားဝယ်ယူသုံးစွဲဖို့ အတွက် ခရိုနာငွေ ၁.၅ ဘီလျံ (ဒေါ်လာ ၁၄၁ သန်း) ထောက်ပံသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ F-16 ဂျက်တိုက်လေယာဉ်တွေထောက်ပံသွားမယ်လို့ တရားဝင်ကြေညာခဲ့တာမရှိဘူးလို့ ဆိုပါတယ်။

 

နော်ဝေနိုင်ငံမှာ F-16 ဂျက်တိုက်လေယာဉ် ၅၇ စင်းကို တရားဝင်ရောင်းချဖို့ကြေညာထားရာမှာ ရိုမေးနီးယားနိုင် ငံကို ၃၂ စင်းရောင်းချပြီးသွားပြီဖြစ်ပါတယ်။

 

နောက်ထပ် F-16 ဂျက်တိုက်လေယာဉ် ၁၂ စင်းကို အမေရိကန် Draken International ကုမ္ပဏီကို ပြန်လည် ရောင်းချပြီးဖြစ်ပေမဲ့ အဲဒီလေယာဉ်တွေကိုတော့ မပို့ရသေးဘူးလို့ သိရပါတယ်။

 

ယူကရိန်းနိုင်ငံကို ဒိန်းမတ်နဲ့ နယ်သာလန်တို့က F-16 ဂျက်တိုက်လေယာဉ်တွေ ပေးပို့သွားဖို့ ကတိပြုထားပြီး ဖြစ်ရာ နော်ဝေနိုင်ငံဟာ တတိယမြောက် F-16 ဂျက်တိုက်လေယာဉ်တွေပေးပို့သွားမယ့်နိုင်ငံဖြစ်လာလိမ့်မယ် လို့ NRK ရုပ်သံဌာန၊ TV2 ရုပ်သံဌာနနဲ့ Aftenposten သတင်းစာတို့မှာ ဖော်ပြခဲ့ပါတယ်။

 

ဒိန်းမတ်နိုင်ငံက F-16 ဂျက်တိုက်လေယာဉ် ၁၉ စင်းနဲ့ နယ်သာလန်နိုင်ငံက F-16 ဂျက်တိုက်လေယာဉ် ၄၂ စင်း ပေးပို့သွားမှာဖြစ်ကြောင်း ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

 

Ref: Norway to Give F-16 Fighter Jets to Ukraine: Media Reports

 

#PeopleMedia


Share this post