နျူကလီးယားထိပ်ဖူးရော သမရိုးကျထိပ်ဖူးပါ တပ်ဆင်ပစ်ခတ်နိုင်တဲ့ ဟိုက်ပါဆောနစ်ဒုံးကျည်ထုတ်လုပ်ရေး တရုတ်က ဦးဆောင်နေကြောင်း အမေရိကန်ထောက်လှမ်းရေး သတိပေး
PUBLISHED - March 13, 2024
နိုင်ငံတကာ၊ မတ် ၁၃
တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံက ပစ်မှတ်တွေကို နျူကလီးယားထိပ်ဖူးတွေနဲ့ရော သမရိုး ကျထိပ်ဖူးတွေနဲ့ပါ ပစ်ခတ်နိုင်တဲ့ ဟိုက်ပါဆောနစ်ဒုံးကျည်တွေကို အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံအဖြစ် ရပ် တည်နေကြောင်း အမေရိကန် ထိပ်တန်းထောက်လှမ်းရေးဆန်းစစ်လေ့လာသူတစ်ဦးက ကွန်ဂရက်လွှတ်တော် ထဲမှာ အင်္ဂါနေ့က (မတ်လ ၁၂ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံမှာလည်း နျူကလီးယားထိပ်ဖူးရော သမရိုးကျထိပ်ဖူးတွေပါ တပ်ဆင်အသုံးပြုနိုင်တဲ့ တစ်နာရီကို မိုင် ၂၅၀ အထက် ပျံသန်းနိုင်တဲ့ လက်နက်သုံးမျိုးကို တပ်ဖြန့်ချထားသလို ယူကရိန်းစစ်ပွဲအတွင်း အရပ်သားတွေကို တိုက်ခိုက်ရာမှာ ပထမဦးဆုံး ဟိုက်ပါဆောနစ်ဒုံးကျည်ကို အသုံးပြုခဲ့ကြောင်း အောက်လွှတ်တော်လက်နက်ကိုင် တပ်ဖွဲ့ကော်မတီခွဲ ကြားနာပွဲမှာ စစ်ဘက်ဆိုင်ရာထိပ်တန်းအရာရှိတွေက ပြောပါတယ်။
ခေတ်သစ်လက်နက်ပြိုင်ပွဲမှာ အမေရိကန်နိုင်ငံဟာ အဲဒီနိုင်ငံကြီးနှစ်နိုင်ငံရဲ့ နောက်မှာ ကျန်နေခဲ့ပြီဆိုပြီး စိုးရိမ် ပူပန်နေကြပါတယ်။
နှစ်မျိုးအသုံးပြုနိုင်တဲ့ဒုံးကျည်ခြိမ်းခြောက်မှုတွေရှိနေပေမဲ့ မဟာဗျူဟာမြောက် တည်ငြိမ်မှုမရှိမှာကို စိုးရိမ်ပူပန် တဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အနာဂတ်ဟိုက်ပါဆောနစ်ဒုံးကျည်တွေမှာ နျူကလီးယားထိပ်ဖူး တွေ တပ်ဆင်ဖို့ အစီအစဉ် လုံးဝမရှိသေးကြောင်း စစ်ဘက်ဆိုင်ရာအရာရှိတွေက အောက်လွှတ်တော်မဟာဗျူ ဟာမြောက်တပ်ဖွဲ့များကော်မတီခွဲကို ပြောပါတယ်။
အသံထက် ၅ ဆ ကျော်မြန်တဲ့ မြန်နှုန်းမြင့် ဟိုက်ပါဆောနစ်ဒုံးကျည် ဒီဇိုင်းရေးဆွဲထုတ်လုပ်ပြီး အသုံးပြုရာမှာ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အမေရိကန်ရဲ့စမ်းသပ်မှုတွေ မအောင်မြင်တဲ့အတွက် ဟိုက်ပါဆောနစ်ဒုံးကျည် ထုတ်လုပ်ရေးမှာ တရုတ်နဲ့ ရုရှားနိုင်ငံကို အမီလိုက်ဖို့ ကြိုးစားရုန်းကန်နေရတဲ့ ပင်တဂွန်ကို နောက်မှာချန်ရစ်ခဲ့ ကြောင်း အခုကြားနာပွဲက ထုတ်ဖော်ပြသလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်အတွင်း နျူကလီးယားတိုက်ခိုက်မှုအတွက်ရော သမရိုးကျတိုက်ခိုက်မှု အတွက်ပါ ဟိုက်ပါဆောနစ်ဒုံးကျည်တွေကို အကြီးအကျယ်စမ်းသပ် ထုတ်လုပ်ခဲ့ပြီး လက်ရှိအချိန်မှာ ဟိုက်ပါ ဆောနစ်ဒုံးကျည်ပိုင်ဆိုင်မှုမှာ ကမ္ဘာ့ထိပ်တန်းဦးဆောင်နိုင်ငံဖြစ်နေပြီဖြစ်ကြောင်း အမေရိကန်စစ်ထောက်လှမ်း ရေးအဖွဲ့ရဲ့ အမျိုးသား လေကြောင်းနဲ့ အာကာသ ထောက်လှမ်းရေးစင်တာက ထောက်လှမ်းရေးဆန်းစစ်လေ့ လာသူ ဂျက်ဖရီမက်ကောမစ်ခ်က ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ အထိရောက်ဆုံး ဟိုက်ပါဆောနစ်ဒုံးကျည်ကတော့ ၂၀၂၀ ပြည့်နှစ်အတွင်းက တပ်ဖြန့်ချထားတဲ့ DF 17 ဒုံးကျည်ဖြစ်ပြီး အဲဒီဒုံးကျည်ဟာ မိုင်ပေါင်း ၉၉၄ မိုင်ထက် မနည်းပျံသန်းသွားနိုင်တဲ့အတွက် အနောက် ပစိတ်ဖိတ်ဒေသရှိ အမေရိကန်တပ်စခန်းတွေနဲ့ ရေတပ်အုပ်စုတွေကို ပစ်ခတ်တိုက်ခိုက်နိုင်ကြောင်း ၎င်းက ပြောပါတယ်။
၂၀၂၁ ခုနှစ်မှာ ကမ္ဘာပတ်လမ်းကြောင်းအတိုင်း ပျံသန်းသွားတဲ့ ဟိုက်ပါဆောနစ်လက်နက်စမ်းသပ်မှုအပါအဝင် တရုတ်တပ်မတော်ဟာ ၂၀၁၄ ခုနှစ်ကစပြီး တိုက်ချင်းပစ်ဟိုက်ပါဆောနစ်ဒုံးကျည်တွေကို နည်လမ်းအမျိုးမျိုးနဲ့ စမ်းသပ်ခဲ့တယ်လို့ ဆိုပါတယ်။
Ref: China now leads the world in nuclear and conventional hypersonic missiles, U.S. intelligence warns
#PeopleMedia