နျူကလီးယားမူဝါဒပြောင်းလဲမှုတွေဟာ အနောက်နိုင်ငံတွေကို သတိပေးလိုက်တာဖြစ်ကြောင်း ရုရှားပြော
PUBLISHED - September 27, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၂၇
သမ္မတဗလာဒီမာပူတင်ကြေညာခဲ့တဲ့ ရုရှားနိုင်ငံရဲ့ နျူကလီးယားမူဝါဒတွေနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုတွေဟာ ရုရှားကို တိုက်ခိုက်နေတဲ့ ယူကရိန်းကိုထောက်ပံ့နေတဲ့ အနောက်နိုင်ငံတွေကို သတိပေးလိုက်တာဖြစ်ကြောင်း ရုရှားအစိုးရက ကြာသပတေးနေ့ (စက်တင်ဘာ ၂၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ရုရှားခေါင်းဆောင်ရဲ့ကြေညာချက်ကို “တာဝန်မဲ့တဲ့လုပ်ရပ်” အဖြစ် ပြောဆိုပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဥ ရောပသမဂ္ဂက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
သမ္မတပူတင် ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တဲ့ နျူကလီးယားမူဝါဒအပြောင်းအလဲတွေဟာ “ကျွန်တော်တို့နိုင်ငံကို တိုက်ခိုက်နေတဲ့နေရာမှာ နျူကလီးယားလက်နက်မှမဟုတ်ဘူး တခြားလက်နက်အမျိုးမျိုးထောက်ပံ့ပေးကမ်းနေ တဲ့နိုင်ငံတွေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်တယ်ဆိုတာကို သတိပေးလိုက်တာ ဖြစ်ပါတယ်။” လို့ ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က ပြောပါတယ်။
ပူတင်ဟာ ထုတ်ပြန်ချက်ထဲမှာ လေသံမာမာနဲ့ “နျူကလီးယားအင်အားကြီးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံကို သမရိုးကျ တိုက်ခိုက်မှုတွေနဲ့ တိုက်ခိုက်နေတဲ့ ဘယ်နိုင်ငံကိုမဆို ရုရှားကို ပူးတွဲတိုက်ခိုက်နေတဲ့ နိုင်ငံအဖြစ် မှတ်ယူသွား မှာဖြစ်ကြောင်း” ပြောဆိုရင်း အနောက်အုပ်စုကို သတိပေးလိုက်ပါတယ်။
ဒီခြိမ်းခြောက်မှုဟာ ရုရှားကို တာဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်ဖို့အတွက် ယူကရိန်းကို ခွင့်ပြုမယ့် အနောက်နိုင်ငံတွေကို တားဆီးဖို့ ရည်ရွယ်ပြီး ပြောဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
နျူကလီးယားမူဝါဒ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ လုံခြုံရေးကောင်စီအစည်းအ ဝေးမှာမိန့်ခွန်းပြောကြားစဉ် နျူကလီးယားတုံ့ပြန်မှု အကြောင်းကို ပူတင်က အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။
ဒါပေမဲ့ သမရိုးကျတိုက်ခိုက်မှုတစ်ခုခုဟာ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အကြီးအကျယ်ခြိမ်းခြောက်လာ ပြီဆိုရင်တော့ အဲဒီသမရိုးကျတိုက်ခိုက်မှုကို ရုရှားနိုင်ငံက နျူကလီးယားလက်နက်တွေနဲ့ တုံ့ပြန်တိုက်ခိုက်သွား နိုင်ကြောင်း ပူတင်က ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကတော့ “အတိတ်ကာလက တရုတ်အပါအဝင် ရုရှားဟာ နျူကလီးယားလက်နက်တွေနဲ့ တောက်လျှောက်ခြိမ်းခြောက်နေကြောင်းကို ကမ္ဘာပေါ်က နိုင်ငံအများအပြားက ရှင်းရှင်းလင်းလင်း ပြေဆိုခဲ့ပြီးပါပြီ။ ရုရှားရဲ့ ကြေညာချက်ဟာ လုံးဝ တာဝန်မဲ့တဲ့ကြေညာချက်ဖြစ်ပါတယ်။” လို့ ပြောပါတယ်။
“လက်နက်ဖျက်သိမ်းမှုတွေ၊ နျူကလီးယားလက်နက်ကန့်သတ်ရေးတွေ ပိုမိုဆောင်ရွက်ဖို့လိုအပ်ချက် ဆွေးနွေး ရေးအပါအဝင် အဲဒီလို ကိစ္စတွေကို ဆွေးနွေးဖို့ ကမ္ဘာ့နိုင်ငံတွေ အခုလို နယူးယောက်မှာလာရောက်တွေ့ဆုံနေ တာဖြစ်ပါတယ်။” လို့ ဘလင်ကန်က ပြောပါတယ်။
အလားတူ ဥရောပကော်မရှင်ပြောခွင့်ရပုဂ္ဂိုလ် ပီတာစတာနိုကလည်း ပူတင်ရဲ့ကြေညာချက်ဟာ အလွန်ကို တာဝန်မဲ့ပြီး လက်မခံနိုင်တဲ့လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုရင်း အဲဒီကြေညာချက်ကို ပြင်းပြင်းထန်ထန် ဝေဖန် လိုက်ပါတယ်။
Ref: Kremlin says changes in nuclear doctrine are a warning to the West
#PeopleMedia