နျူကလီးယားလက်နက်အသုံးပြုခွင့်ပေးထားတဲ့ စစ်ရေးမူဝါဒသစ်တစ်ရပ် ဘယ်လာရုစ်ချမှတ်
PUBLISHED - January 23, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၃
မိမိနိုင်ငံကို တိုက်ခိုက်လာရင် နျူကလီးယားလက်နက်အသုံးပြုပြီး ပြန်လည်တိုက်ခိုက်တာကို ခွင့်ပြုတဲ့ စစ်ရေး မူဝါဒတစ်ရပ်ကို ဘယ်လာရုစ်နိုင်ငံက စတင်ချမှတ်လိုက်ပြီဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် ဒေသတွင်းတင်းမာမှုတွေမြင့်တက်နေစဉ်အတွင်း ရုရှားနိုင်ငံက ဘယ်လာရုစ်နိုင်ငံကို နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေ ပို့ပေးလိုက်ပြီးနောက်မှာ အခုလို စစ်ရေးမူဝါဒကို ပြန်လည် ပြင်ဆင်လိုက်တာဖြစ်ပါတယ်။
ဘယ်လာရုစ်နိုင်ငံဟာ ကိုယ်တိုင်နျူကလီးယားလက်နက်ထုတ်လုပ်နိုင်တဲ့နိုင်ငံမဟုတ်ပေမဲ့ အခုလို အဓိက စစ် ရေးမူဝါဒအပြောင်းအလဲလုပ်ခဲ့တာ နိုင်ငံရဲ့အနာဂတ်ကာလကာကွယ်ရေးစွမ်းရည်ကဏ္ဍမှာ စာမျက်နှာသစ်ဖွင့် လှစ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့နိုင်ငံပိုင်နက်ထဲမှာ တပ်ဖြန့်ချထားတဲ့ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေကို အသုံး ပြုရေး ဘယ်လာရုစ်နိုင်ငံရဲ့သဘောထားအမြင်ကို ရှင်းရှင်းလင်းလင်း ပြောပြတာဖြစ်ပါတယ်။ အခုလိုဆောင် ရွက်လိုက်တာဟာ ကျွန်တော်တို့ရဲ့ မဟာမိတ်နိုင်ငံတွေအပေါ် ထားခဲ့တဲ့ကတိကဝတ်တွေအတိုင်း စာမျက်နှာ သစ်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီး ဗစ်တာခရန်နန်က ပြောပါတယ်။
စစ်ရေးမူဝါဒနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်ကြေညာခြင်းမရှိပေမဲ့ အဲဒီမူဝါဒကို ထောက်ခံခွင့်ပြုချက်ရယူဖို့ အတွက် ဘယ်လာရုစ်ပြည်သူ့အစည်းအဝေးမှာ တင်ပြသွားမှာဖြစ်ပါတယ်။
ဘယ်လာရုစ်နိုင်ငံဟာ ဆီးရီးယားနဲ့ ယူကရိန်းမှာ ကြုံတွေ့ခဲ့ရတဲ့ “နှစ်မျိုးစပ်စစ်ပွဲ” ကို အမီလိုက်နိုင်ဖို့အတွက် ၂၀၁၆ ခုနှစ်မှာ နိုင်ငံရဲ့စစ်ရေးမူဝါဒကို နောက်ဆုံးအကြိမ်ပြင်ဆင်ခဲ့ပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ရန်စကျူးကျော်လာရင်အသုံးပြုဖို့ဆိုပြီး ရုရှားနိုင်ငံက ဘယ်လာရုစ်နိုင်ငံကို ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ နျူကလီးယားလက်နက်တွေ စတင်ပေးပို့ခဲ့ပါတယ်။
ဘယ်လာရုစ်နိုင်ငံဟာ အနောက်ဘက်မှာ ပိုလန်၊ လစ်သူယေးနီးယားနိုင်ငံ၊ မြောက်ဘက်မှာ လတ်ဗီးယားနိုင်ငံ တို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲမှာ ဘယ်လာရုစ်နိုင်ငံက တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမရှိပေမဲ့ စစ်ပွဲအစမှာ ရုရှားတပ် တွေကို နေရာချထားခွင့်ပေးခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ရုရှားအစိုးရကို ထောက်ပံ့ခဲ့ပါတယ်။
ရုရှားနိုင်ငံကပို့ဆောင်လိုက်တဲ့ တာတိုပစ်နျူကလီးယားလက်နက်အားလုံး ရောက်ရှိနေရာချထားပြီးဖြစ်ကြောင်း ဘယ်လာရုစ်စမ္မတအလက်ဇန္ဒားလူကာရှန်ကိုက ပြီးခဲ့တဲ့လက ပြောပါတယ်။
နျူကလီးယားလက်နက်တွေကို ဘယ်လာရုစ်နိုင်ငံထဲမှာ တပ်ဖြန့်ချထားတာဖြစ်ပေမဲ့ အဲဒီလက်နက်တွေကို ရုရှားအစိုးရကပဲ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း လူကာရှန်ကိုက ပြောပါတယ်။
အခုလို နျူကလီးယားလက်နက်တွေ တပ်ဖြန့်ချထားရတဲ့ရည်ရွယ်ချက်ဟာ အထူးသဖြင့် ပိုလန်နိုင်ငံကို ဟန့် တားနိုင်ဖို့ဖြစ်ကြောင်း ဘယ်လာရုစ်လုံခြုံရေးကောင်စီအတွင်းရေးမှူး အလက်ဇန္ဒားဗယ်လ်ဖိုဗစ်ချ်က ပြောပါ တယ်။
ဘယ်လာရုစ်နိုင်ငံကို ရန်လိုတဲ့ပြောဆိုမှုတွေကို ရပ်တန့်မယ်ဆိုရင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင် ရွက်သွားဖို့ လမ်းဖွင့်ထားကြောင်း ဘယ်လာရုစ်အစိုးရကပြောပါတယ်။
“ကံမကောင်းချင်တော့ ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် ပိုလန်နိုင်ငံရဲ့ ထုတ်ပြန်ကြေညာချက် တွေက ကျွန်တော်တို့ရဲ့စစ်ရေးမူဝါဒကို ပြောင်းလဲမြှင့်တင်ဖို့ ကျွန်တော်တို့ကို ဖိအားပေးခဲ့ပါတယ်။” လို့ အလက် ဇန္ဒားဗယ်လ်ဖိုဗစ်ချ်က ပြောပါတယ်။
Ref: Belarus’ New Military Doctrine Features Nuclear Weapons
#PeopleMedia