နွားထိုးကြီးမြို့နယ် မြင်းခြံ- ရေဝန်းကားလမ်းတွင် ခရီးသွားဘုန်းကြီးကားအား PDF များက ပစ်ခတ်သဖြင့် ဘုန်းကြီး (၁) ပါးနှင့် အမျိုးသမီး (၂) ဦး သေဆုံး
PUBLISHED - February 23, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြင်းခြံ- ရေဝန်းသွား ကားလမ်း၊ ရွာကြီးကျေးရွာအနီးတွင် ခရီး သွားဘုန်းကြီးကားအား PDF များက ပစ်ခတ်သဖြင့် ကားပေါ်တွင် လိုက်ပါလာသည့် ဘုန်းကြီး (၁) ပါးနှင့် အမျိုးသမီး (၂)ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၂၀)ရက် နံနက် (၈)နာရီ အချိန်ခန့်က ကျောက်ဆည်မြို့နယ်၊ ကတဲကျေးရွာမှ ဆရာတော် ဦးအဂ္ဂဉာဏပိုင် MARK || ရွှေငါး ခဲရောင်ယာဉ်ဖြင့် ယာဉ်မောင်း အေးမင်းအောင်မှ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဆရာတော် ဦးအဂ္ဂဉာဏ၊ ဒေါ်စန်းဝင်း၊ ဒေါ်သန်းမီ၊ မခိုင်ဌေး၊ မအိအိဖြိုးတို့ လိုက်ပါလျက် ပခုက္ကူမြို့နယ်၊ မြေနီပြင်ကျေးရွာသို့ ဒေါ်စန်းဝင်း၏ ခင်ပွန်း ဦးမျိုး(ခ)ဦးမျက်ပြူး၏ (၁)လပြည့် ဆွမ်းကပ်ရန် သွားရောက် ခဲ့ကြောင်း သိရသည်။
ယင်းသို့ သွားရောက်ပြီးနောက် ဖေဖော်ဝါရီလ (၂၂)ရက် နံနက်က မြေနီပြင်ကျေးရွာမှ ကျောက်ဆည်မြို့သို့ ပြန်လာခဲ့ရာ မြင်းခြံ – ရေဝန်းသွား ကားလမ်းပေါ်ရှိ နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာအဝင် ရေတွင်းပျက်အနီး အရောက်တွင် PDF အဖွဲ့ဝင် (၁၅)ဦး ခန့်က ယာဉ်ကို တားဆီးခဲ့ရာတွင် ကျော်လွန်သွားသဖြင့် ယာဉ်မောင်းမှ ပြန်ဆုတ်စဉ် PDF အဖွဲ့ဝင်များက ယာဉ်အား လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
PDF အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဦးအဂ္ဂဉာဏ၊ ၇၆ နှစ်၊ ဝါတော် ၃၆ ဝါရှိ ဆရာတော်တွင် ဝဲဘက်နံဘေး ဖောက်ထွက်ဒဏ်ရာ (၂)ချက်၊ ယာဘက် ချိုင်းအောက် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲဘက် ခါးစောင်း ဖောက်ထွက်ဒဏ်ရာ (၁)ချက်၊ ကျောက်ဆည်မြို့ ကတဲကျေးရွာ နေသူများဖြစ်သည့် အသက် (၇၀)အရွယ် ဒေါ်သန်းမီ၊ အသက် (၃၈)နှစ်အရွယ် မခိုင်ဌေးတို့သုံးဦးသည် ရရှိဒဏ်ရာများဖြင့် အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းအပြင် မအိအိဖြိုးတွင် ဝဲဘက်ပေါင်ရင်း ဖောက်ဝင်ဒဏ်ရာ (၁)ချက်(မစိုးရိမ်ရ) ရရှိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အေးမင်းအောင်နှင့် အသက် (၆၅) နှစ်အရွယ် ဒေါ်စန်းဝင်းတွင် ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။
#PeopleMedia