နှစ်နိုင်ငံ ဗီဇာမလိုဘဲ ရက်ပေါင်း ၃၀ အပြန်အလှန် လည်ပတ်ခွင့်သဘောတူညီချက် ထိုင်းနဲ့ တရုတ် လက်မှတ် ရေးထိုး
PUBLISHED - January 29, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၉
နှစ်နိုင်ငံသဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်တဲ့အတွက် တရုတ်နဲ့ ထိုင်း နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့တ်) ကိုင်ဆောင်ထားသူတွေဟာ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့စပြီး နှစ်နိုင်ငံတွင်း ဗီဇာ (ပြည်ဝင်ခွင့် လက်မှတ်) မလိုဘဲ ရက်ပေါင်း ၃၀ ကြာ အပြန်အလှန်သွားလာလည်ပတ်နိုင်တော့မှာဖြစ်ပါတယ်။
သဘောတူချက်အရ နှစ်နိုင်ငံခရီးသွားတွေဟာ ရက်ပေါင်း ၃၀ ဆိုက်ရောက်ဗီဇာကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးနိုင်ပါတယ်။ အဆိုပါသဘောတူညီချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်းပရီးဘဟစ်ဒ-နူကာရာနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီတို့ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
အခုလက်မှတ်ရေးထိုးလိုက်တဲ့ ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်ဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် တာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်းပရီးက ပြောပါတယ်။
“အခုသဘောတူစာချုပ်ဟာ အဆင့်တိုင်းမှာ စမ်းသပ်ခံသက်သေပြထားတဲ့ ကျွန်တော်တို့ရဲ့ ကာလရှည် ချစ် ကြည်ရင်းနှီးမှု၊ ယုံကြည်မှုတွေရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ အလည်အပတ်သွားတာပဲဖြစ်စေ လုပ်ငန်းနဲ့သွား တာပဲဖြစ်စေ နှစ်နိုင်ငံပြည်သူတွေကြားထဲက ခရီးသွားလာခြင်းဟာ ပိုမိုအဆင်ပြေချောမွေ့လာမှာဖြစ်ပြီး နှစ်နိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း နှိုးဆော်ပေးရာမှာ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။” လို့ ပန်းပရီးက ပြောပါတယ်။
နှစ်နိုင်ငံစလုံးဟာ လာမယ့်နှစ်မှာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး အနှစ် ၅၀ မြောက် အခမ်းအနားကိုလည်း ကျင်း ပသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်ဟာ တရုတ်ပြည်သူတွေ ထိုင်းနိုင်ငံကို ပိုမိုလည်ပတ်အောင်နဲ့ ထိုင်းပြည် သူတွေ တရုတ်နိုင်ငံကို ပိုမိုလည်ပတ်လာအောင် အားပေးမြင့်တင်သွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန် ကြီး ဝန်ယီကလည်း ပြောပါတယ်။
တရုတ်-ထိုင်း နှစ်နိုင်ငံဟာ ညီရင်းအစ်ကိုလို ခိုင်မာတဲ့ဆက်ဆံရေးရှိပြီး နှစ်နိုင်ငံ ပြည်သူတွေဟာလည်း ခိုင်မာ တဲ့သံယောဇဉ်တွေရှိကြောင်း ဝန်ယီက ပြောပါတယ်။
“တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို စွဲစွဲမြဲမြဲ ခိုင်မာစွာထောက်ခံတဲ့အတွက် ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်း၊ ပြည်ပကုန်သွယ်ရေး၊ လျှပ်စစ်ကားထုတ်လုပ်ရေး၊ လုံခြုံရေး အထူးသဖြင့် အွန်လိုင်းလိမ်ညာမှုတိုက်ဖျက်ရေးတွေ လို နယ်ပယ်တွေကို အဓိကအာရုံစိုက်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားဖို့ နှစ်နိုင်ငံစလုံးမှာ ရည် ရွယ်ချက်ရှိကြောင်း ၎င်းက ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီဟာ ထိုင်းနိုင်ငံကတစ်ဆင့် လာအိုနိုင်ငံကို တနင်္လာနေ့မှာ ဆက်လက်ထွက် ခွာမှာဖြစ်ပါတယ်။
Ref: China and Thailand ink visa-free deal for 30-day visits
#PeopleMedia