နှစ်ပေါင်း ၂၀၀ ကျော် ဘက်မလိုက်နိုင်ငံအဖြစ်ကို စွန့်လွှတ်ပြီးနောက် ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ပြီ
PUBLISHED - March 8, 2024
နိုင်ငံတကာ၊ မတ် ၈
ဆွီဒင်ဝန်ကြီးချုပ် အားရ်ခရစ္စတာဆန်းက အဖွဲ့ဝင်အသိအမှတ်ပြုအထောက်အထားတွေကို အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနကို ပေးအပ်လိုက်တဲ့အချိန်မှာ ဆွီဒင်နိုင်ငံဟာ အနှစ် ၂၀၀ ကျော် ဘက်မလိုက်နိုင်ငံအဖြစ် နေထိုင်ခဲ့တဲ့ဘဝကို အဆုံးသတ်လိုက်ပြီး ၃၂ နိုင်ငံမြောက် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သွားပြီ ဖြစ်ပါတယ်။
ဝင်ခွင့်ရဖို့ နှစ်နှစ်နီးပါးကြိုးစားခဲ့ပြီးနောက် ဝါရှင်တန်မြို့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ကို ဆွီဒင်ဝန်ကြီးချုပ် အားရ်ခရစ္စတာဆန်းက အဖွဲ့ဝင်အသိအမှတ်ပြုအထောက်အထားတွေကို ကြာသပတေး နေ့ (မတ်လ ၇ ရက်နေ့) က လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
ဒီနေ့ဟာ တကယ့်ကို သမိုင်းဝင်နေ့တစ်နေ့ဖြစ်ပြီး နေတိုးအဖွဲ့ဝင်ခွင့်ရဖို့အတွက် ကြိုးပမ်းနေစဉ်ကာလအတွင်း ဝင်ခွင့်ရအောင်ကူညီဆောင်ရွက်ပေးခဲ့တဲ့အတွက် အမေရိကန်အစိုးရကို ကျေးဇူးတင်ကြောင်း ခရစ္စတာဆန်းက ပြောပါတယ်။
“ဆွီဒင်နိုင်ငံဟာ နှစ်ပေါင်း ၂၀၀ ကျော်ရပ်တည်ခဲ့တဲ့ စစ်ရေးအရ ကြားနေဝါဒနဲ့ စစ်ရေးဘက်မလိုက်နိုင်ငံအဖြစ် ကနေ နုတ်ဆက်ထွက်ခွာတော့မှာဖြစ်ပါတယ်။ ဒါဟာ အင်မတန်ကြီးမားတဲ့အဆင့်တစ်ရပ်ဖြစ်သလို အလွန်ကို သဘာဝကျတဲ့ အဆင့်တစ်ရပ်လည်းဖြစ်ပါတယ်။” လို့ အဖွဲ့ဝင်အသိအမှတ်ပြုအထောက်အထားလွှဲပြောင်းပွဲမှာ ၎င်းက ပြောပါတယ်။
ဆွီဒင်နိုင်ငံအဖွဲ့ဝင်နိုင်ငံသစ်ဖြစ်လာတာကို နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူး ဂျန်းဆော့တန်းဘာ့ဂျ်က ကြို ဆိုလိုက်ပြီး အခုလို ဝင်ရောက်လာတဲ့အတွက် နေတိုးအဖွဲ့ ပိုမိုအင်အားတောင့်တင်းလာသလို ဆွီဒင်နိုင်ငံရော နေတိုးတစ်ဖွဲ့လုံးပါ ပိုမိုလုံခြုံလာကြောင်း ပြောပါတယ်။
“ဒီကနေ့ အဖွဲ့ဝင်အသိအမှတ်ပြုအထောက်အထားလွှဲပြောင်းပွဲဆိုတာ နိုင်ငံတိုင်း ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ရွေးချယ်ခွင့်ရှိပြီး နေတိုးအဖွဲ့ကြီးက တံခါးဖွင့်ထားဆဲဖြစ်တယ်ဆိုတာကို သက်သေပြလိုက်တာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ကြာသပတေးနေ့က ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်ရောက်ခွင့်ကို ဟန်ဂေရီနိုင်ငံက ထောက်ခံချက်ပေးပို့လိုက်ပြီး နောက်မှာ အဖွဲ့ဝင်အသိအမှတ်ပြုအထောက်အထားလွှဲပြောင်းပွဲကို တရားဝင် ကျင်းပခဲ့တာဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံအဖွဲ့ဝင်ခွင့်ကို နောက်ဆုံးထောက်ခံဖို့ကျန်နေတဲ့ ဟန်ဂေရီနိုင်ငံက အခုသီတင်းပတ်အစောပိုင်းကမှ ထောက်ခံခဲ့တာဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံအလံကို ဘရပ်ဆဲလ်မှာရှိတဲ့ နေတိုးအဖွဲ့ဌာနချုပ်မှာ တနင်္လာနေ့ (မတ်လ ၁၁ ရက်နေ့) မှာ လွှင့်ထူ သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သွားတဲ့အတွက် ဆွီဒင်နိုင်ငံဟာ ၎င်းတို့နှစ်ပေါင်းများစွာအချိန်ယူလုပ်ဆောင်ရမယ့် မဟာ မိတ်အဖွဲ့ကြီးရဲ့ကာကွယ်ရေးအစီအစဉ်တွေအပါအဝင် နေတိုးအဖွဲ့ရဲ့ ဖွဲ့စည်းပုံထဲမှာ စတင်ပါဝင်ခွင့်ရရှိသွားမှာ ဖြစ်ပါတယ်။
ဆွီဒင်တပ်မတော်အတွက် အထင်ရှားဆုံးအပြောင်းအလဲတစ်ခုကတော့ နေတိုးအဖွဲ့ထံက ဘက်စုံထောက်လှမ်း ရေးသတင်းတွေ ပိုမို ရရှိတော့မှာဖြစ်ပါတယ်။
Ref: Sweden officially joins NATO, ends 200 years of military non-alignment
#PeopleMedia