ပခုက္ကူတံတားအနီးရှိ လက်ထုတ်ကျေးရွာမှ ကျေးရွာသားနှစ်ဦးကို ဒလန်ဟုစွပ်စွဲကာ စစ်သွေးကြွတွေ သတ်ဖြတ်
PUBLISHED - September 2, 2024
နေပြည်တော်၊ စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး- မြင်းခြံလမ်း၊ ပခုက္ကူတံတားအနီးရှိ လက်ထုတ်ကျေးရွာမှ ကျေးရွာသား နှစ်ဦးကို ဒလန်ဟုစွပ်စွဲကာ စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သတ်ဖြတ်လိုက်ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ (၂)ရက် နံနက် (၃)နာရီခွဲခန့်က ညောင်ဦးမြို့နယ် လက်ထုတ်ကျေးရွာအတွင်းသို့ သေနတ်အတို/အရှည်နှင့် ဓားများ ကိုင်ဆောင်ထားသည့် စစ်သွေးကြွ PDF အဖွဲ့ဝင် အင်အား (၁၀)ဦးခန့် ဝင်ရောက်လာကာ ကျေးရွာသား နှစ်ဦးဖြစ်သည့် ဦးကိုချစ် (၄၂)နှစ်နှင့် ဦးတင်ထွန်းအောင်ဝေ (ခ) ဆုကြီးဝေ (၄၅)နှစ်တို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် လက်ထုတ်ကျေးရွာ ကျေးရွာသားတစ်ဦးဖြစ်သည့် ဦးချစ်ကိုသည် ဝဲဘက်နားထင် ဖောက်ဝင်ဒဏ်ရာ (၂)ချက် ရရှိခဲ့ကာ သေဆုံးသွားပြီး ဦးတင်ထွန်းအောင်ဝေ(ခ)ဆုကြီးဝေသည်လည်း ဝဲ-နားထင် ဖောက်ဝင်ဒဏ်ရာ (၂)ချက်၊ ယာဘက်မျက်လုံး ဖောက်ဝင်ဒဏ်ရာ (၁)ချက်ဖြင့် အခင်းဖြစ်ပွါးသည့် နေရာတွင် လဲကျသေဆုံးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၂၆)ရက်ကလည်း လက်ထုတ်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ပြီး ထင်းခွဲသည့် ပုဆိန်ဖြင့် ဦးခေါင်းကို ခုတ်ကာ သတ်ဖြတ်ခဲ့သည်။
#PeopleMedia