ပင်လည်ဘူးမြို့မ ရဲစခန်းကို စစ်သွေးကြွ KIA/PDF တွေ အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်နေ
PUBLISHED - August 16, 2024
နေပြည်တော်၊ ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ပင်လည်ဘူးမြို့ မြို့မရဲစခန်းကို KIA/PDF စစ်သွေးကြွ အဖွဲ့ဝင်များက အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။
ဩဂုတ်လ (၁၅)ရက် နံနက် (၆)နာရီမှ စတင်ကာ စစ်သွေးကြွ KIA/PDF အဖွဲ့ဝင်များသည် ပင်လည်ဘူး ရဲစခန်း အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးများ ပစ်ချတိုက်ခိုက်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
“မနေ့က မနက် (၆)နာရီကနေပြီးတော့ တောက်လျောက် ဒရော့ဗုံးတွေ ပစ်ချတိုက်ခိုက်နေတာ။ ညကလည်း တစ်ညလုံး မနားဘူး။ အင်အားကလည်း တော်တော်များတယ်။ KIA တွေလည်း ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပင်လည်ဘူးမြို့၏ တစ်ဖက်ကမ်းရှိ အင်းကုန်းကျေးရွာဘက်တွင်လည်း KIA/PDF စစ်သွေးကြွ အဖွဲ့ဝင် အင်အား အများအပြား ရောက်ရှိနေပြီး မြို့ကို ဝန်းရံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ပင်လည်ဘူးမြို့မရဲစခန်းကို လက်ရှိအချိန်ထိ စစ်ကူများ မရောက်ရှိသေးကြောင်းနှင့် လေယာဉ်ပစ်ကူနှင့် စစ်ကူများ အမြန်ဆုံး ပို့လွှတ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
#PeopleMedia