ပင်လုံမြို့တွင် CROWN ယာဉ်တွင် သယ်ဆောင်လာသည့်သိန်း ၂,၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
PUBLISHED - August 27, 2024
နေပြည်တော်၊ ဩဂုတ် ၂၇
လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် TOYOTA CROWN ယာဉ်တွင် သယ်ဆောင်လာသည့် ကျပ်သိန်း ၂,၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
သြဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၃နာရီ ၁၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပေါင်းလိုင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေး ရှာဖွေစဉ် စိုင်းဝေလင်းအောင် မောင်းနှင်ပြီး စိုင်းလွင်ဖြိုး လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ ခပ်ခူး(အဆင့်နိမ့်ဘိန်း)အလေးချိန် ၅ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂,၅၀၀)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၂.၃ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂,၅၃၀)၊ ကက်တမင်း အလေးချိန် ၈၀၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၈၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ စိုင်းဝေလင်းအောင်(၃၃)နှစ်နှင့် စိုင်းလွင်ဖြိုး(၁၉)နှစ်တို့အား ပင်လုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia