ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်သွားရတဲ့ ကလေးတစ်သန်းကို ကူညီဖို့ ထိုင်းအစိုးရ စီမံချက်တစ်ခု ဆောင်ရွက်မည်
PUBLISHED - July 3, 2024
နိုင်ငံတကာ၊ ဇူလိုင် ၃
ထိုင်းနိုင်ငံမှာ ကျောင်းသားဦးရေ ၁ သန်းကျော် ပညာသင်ကြားမှုရပ်တန့်လိုက်ရကြောင်း သိရှိခဲ့ပြီးနောက် ပညာ တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်သွားတဲ့ကလေးတွေကို ရှာဖွေပြီး ကူညီဖို့အတွက် အစိုးရက စီမံချက်တစ်ခုကို စ တင်ဆောင်ရွက်တော့မှာဖြစ်ပါတယ်။
ကလေးအားလုံး စာသင်ကျောင်းပြန်လည်ရောက်ရှိလာဖို့ ကြိုးပမ်းနေသလို အစိုးရမှာ “ထိုင်းကလေးများ ပညာ တစ်ပိုင်းတစ်နဲ့ ကျောင်းမထွက်ရေး” မူဝါဒတစ်ရပ်ရှိထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ချိုင်းဝါချာရွန်ကီက ပြောပါ တယ်။
အဲဒီစီမံချက်ကို အဆင့်လေးဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပထမအဆင့်မှာ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်သွားရတဲ့ ကျောင်းသားတွေကို ရှာဖွေဖို့အတွက် ဆက်စပ် အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ကွန်ပျူတာသတင်းအချက်အလက် (database) တစ်ခု ပြုစုသွားမှာဖြစ်ပါတယ်။
ဒုတိယအဆင့်မှာ အဲဒီကလေးတွေ ပညာရေးစနစ်တစ်ခုဆီ ပြန်လည်ရောက်ရှိလာအောင် ကူညီဆောင်ရွက် သွားဖို့ ဖြစ်ပါတယ်။ တတိယအဆင့်ကတော့ အဲဒီကလေးတွေ ၎င်းတို့ရဲ့အမြင့်ဆုံးစွမ်းရည်ရှိတဲ့အထိ ကြိုးစားနိုင်အောင် ၎င်းတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းတစ်ခု ထောက်ပံ့ပေးဖို့ဖြစ်ပါတယ်။
နောက်ဆုံးအဆင့်ကတော့ ပညာတော်သင်ဆုပေးအပ်ခြင်းလို အခန်းကဏ္ဍတွေမှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပါ ဝင်ကူညီလာအောင် အားပေးတိုက်တွန်းသွားဖို့ ဖြစ်ပါတယ်။
အဲဒီလိုပညာတစ်ပိုင်းတစ်စကျောင်းသားတွေကို ရှာဖွေဖော်ထုတ်ရာမှာ အထောက်အကူပြုဖို့အတွက် “ထိုင်းက လေးများ ပညာတစ်ပိုင်းတစ်နဲ့ ကျောင်းမထွက်ရေး” အပလီကေးရှင်းကို အခုလအတွင်း စတင်အသုံးပြုပြီး စီမံ ချက်တိုးတက်မှုအခြေအနေကို အနီးကပ်စောင့်ကြည့်သွားဖို့ အစိုးရက စီစဉ်ထားပါတယ်။
“အသက် ၃ နှစ်နဲ့ ၁၈ နှစ်ကြား ကလေး ၁.၀၂ သန်း စာသင်ကျောင်းတွေမှာ စာရင်းသွင်းထားတာမရှိကြောင်း သိရှိရလိုက်ပြီးနောက်မှာ ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က တိုင်းပြည်ရဲ့အနာဂတ်အတွက် စိုးရိမ်ပူပန်သွားပါ တယ်။ ဒီပြဿနာကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို သူက ညွှန်ကြားခဲ့ပါတယ်။” လို့ မစ္စတာချိုင်းက ပြောပါတယ်။
အခုနှစ်အစောပိုင်းမှာ ပညာရေးလောကကိုစွန့်ခွာသွားတဲ့ ကျောင်းသားတွေနဲ့အတူ ပြဿနာကြီးတစ်ရပ်ရှိနေ ကြောင်း သာတူညီမျှပညာရေးရန်ပုံငွေအဖွဲ့ (EEF) ရဲ့ ပညာရေးကျွမ်းကျင်သူနဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဆမ်ပေါင်းချစ်ထရာဒက်ဘ်က ပြောကြားလိုက်ပြီးနောက် အခု ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာ ပညာတစ်ပိုင်းတစ်နဲ့ ကျောင်းထွက်သွားတဲ့ကလေးငယ် ၁,၀၂၅,၅၁၄ ဦးရှိပြီး အဲဒီပမာဏဟာ ၂၀၂၂ ခုနှစ်မှာ ကျောင်းထွက်သွားတဲ့ကလေးငယ်တွေဦးရေရဲ့ နှစ်ဆဖြစ်ကြောင်း EEF အဖွဲ့က ရှာဖွေတွေ့ရှိခဲ့ ပါတယ်။
အဲဒီရှေ့နှစ်တွေမှာ တစ်နှစ်ကို ကျောင်းထွက်သွားတဲ့ကလေးဦးရေက ပျှမ်းမျှ ၅၀၀,၀၀၀ ဝန်းကျင်ရှိတယ်လို့ ဆို ပါတယ်။
ဒါပေမဲ့ မူလတန်းနဲ့ အလယ်တန်း အကူးအပြောင်းကာလနဲ့ အလယ်တန်းနဲ့ သက်မွေးကျောင်း တွေကြား အကူူး ကာလတွေမှာ ကျောင်းထွက်သွားတဲ့ကလေးတွေ ပိုမိုများပြားလာတာကို တွေ့ရကြောင်း လတ်တလောစာရင်း အချက်အလက်တွေအရ သိရပါတယ်။
ဆင်းရဲမွဲတေမှုဟာ အချိန်မတိုင်ခင်ကျောင်းထွက်သွားရမှုရဲ့ မူလအကြောင်းရင်းဖြစ်ခဲ့လေ့ရှိပေမဲ့ လုပ်သား ဈေးကွက်၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးတွေနဲ့ပတ်သက်ပြီး မရေရာမှုတွေက ကလေးတွေကို အချိန်ကျောင်း ထုတ်စေတဲ့အထိ မိသားစုတွေအပေါ် အကျိုးသက်ရောက်စေတဲ့အတွက် လက်ရှိအချိန်မှာ အဲဒီမရေရာမှုတွေကို ဖြစ်ပေါ်စေတဲ့ မတည်ငြိမ်တဲ့နိုင်ငံရေးကိုလည်း အပြစ်တင်နေကြကြောင်း မစ္စတာဆမ်ပေါင်းက ပြောပါတယ်။
Ref: Govt seeks to assist 1m school dropouts
#PeopleMedia