ပညာအမွေအနှစ်မှတ်တမ်းများလွှဲပြောင်းပေးနိုင်မှုအကန့်အသတ်နှင့် အားနည်းချက်ရှိခြင်းတို့ကြောင့် မြန်မာ့ တိုင်းရင်းဆေးဝါးများရှိ ပညာရပ်အချို့တိမ်မြုပ်ပျောက်ကွယ်ခဲ့ရကြောင်း နစကဒုဥက္ကဋ္ဌပြောကြား
PUBLISHED - December 22, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၂
လက်ဆင့်ကမ်းသင်ယူသူများ နည်းပါးလာခြင်း၊ ပညာအမွေ အနှစ်မှတ်တမ်းများ လွှဲပြောင်းပေးနိုင်မှု အကန့် အသတ်နှင့် အားနည်းချက်ရှိခြင်းတို့ကြောင့် မြန်မာ့တိုင်းရင်းဆေးဝါးများရှိ ပညာရပ်အချို့ တိမ်မြုပ်ပျောက် ကွယ်ခဲ့ရသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)၌ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ယခုအချိန်တွင် မြန်မာ့တိုင်းရင်းဆေးပညာရှင်များကို ဒီပလိုမာအဆင့်၊ ဘွဲ့ရအဆင့်မှ တိုင်းရင်းဆေးပညာ မဟာဘွဲ့အဆင့်အထိ လေ့ကျင့်မွေးထုတ်ပေးနေပြီ ဖြစ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေး ပညာကို ပြည်တွင်းတွင် ဖွံ့ဖြိုးတိုးတက်နေရန်လိုအပ်သလို ကမ္ဘာ့နိုင်ငံများ၏ တိုင်းရင်းဆေးဆိုင်ရာ ကဏ္ဍများနှင့်လည်း ပူး ပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံချင်း၊ လူမျိုးတစ်မျိုးချင်း၏ တိုင်းရင်းဆေးပညာရပ်များသည် အခြေခံ အားဖြင့် မတူညီကြသည့်အတွက် မြန်မာ့တိုင်း ရင်းဆေးပညာ အခြေခံသီအိုရီများ၊ ကိုယ်ပိုင်မူ ကိုယ်ပိုင်လက္ခဏာများကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်း ကြရမည် ဖြစ်သကဲ့သို့ အဆိုပါအခြေခံသီအိုရီများကို ခိုင်မာမှန်ကန်ကြောင်း သက်သေပြရန် ကို လည်း တိုင်းရင်းဆေးပညာရှင်များက ကြိုးပမ်းဆောင်ရွက်နေကြရမည် ဖြစ်ကြောင်း ပြောသည်။
ရှေးမြန်မာမင်းများလက်ထက် အစွမ်းထက် မြန်မာ့တိုင်းရင်းဆေးဝါးများ၏ သမိုင်းကြောင်းကိုကြည့်ပါက ရတနာပုံခေတ် မင်းတုန်းမင်းလက်ထက်တွင် မြန်မာ့တိုင်ရင်း ဆေးပညာ စစ်စစ်ဖြစ်သည့် ဒေသနာနယ ဆေးပညာနည်းစနစ် တောင်သာခြောက်လုံးကောက် ဆေးပညာကို တောင်သာဆရာကြီးဆရာမှုန့်မှ တီ ထွင်ခဲ့သည်ကို တွေ့ရကြောင်း၊ ထိုသို့ အစွမ်းထက် ဆေးစွမ်းကောင်းများပေါ်ထွန်းခဲ့သော်လည်း မြန်မာ့ တိုင်းရင်းဆေး ပညာသည် တတ်ကျွမ်းသည့် သမားတော်ကြီးများထံတွင် စာတွေ့၊ လက်တွေ့အနီးကပ် ဆည်းပူးလေ့ လာရသဖြင့် လက်ဆင့်ကမ်းသင်ယူသူများ နည်းပါးလာခြင်း၊ ပညာအမွေအနှစ်မှတ်တမ်းများ လွှဲပြောင်းပေးနိုင်မှု အကန့်အသတ်နှင့် အားနည်းချက်ရှိခြင်း တို့ကြောင့် မြန်မာ့တိုင်းရင်းဆေးဝါးများရှိ ပညာရပ်အချို့ တိမ်မြုပ်ပျောက်ကွယ်ခဲ့ရသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရက ၂၀၀၁ ခုနှစ်တွင် မန္တလေးမြို့၌ တိုင်းရင်း ဆေးတက္ကသိုလ်ကို ဖွင့်လှစ်ကာ မျိုးဆက်သစ် တိုင်းရင်းဆေးပညာဘွဲ့ရများ မွေးထုတ် နိုင်ခဲ့ပြီး မြန်မာ့တိုင်း ရင်းဆေးသမားတော်များညီလာခံကို နှစ်စဉ်ကျင်းပပေးခြင်းဖြင့် သက်ကြီးစကား၊ သက်ငယ်ကြား ဆိုသကဲ့သို့ အတွေ့အကြုံရင့်ကျက်သည့် တိုင်းရင်း ဆေးသမားတော်ကြီးများက မျိုးဆက်သစ်လူငယ်များနှင့် ပညာရပ်ဆိုင်ရာများ၊ အတွေ့အကြုံ ဗဟုသုတများ နှီးနှောဖ လှယ်နိုင်ခြင်း၊ လက်ဆင့်ကမ်းအမွေပေးနိုင် ခြင်းစသည့် အကျိုးကျေးဇူး အထောက်အပံ့များ ရမည်ဖြစ် သည့်အတွက် မျိုးဆက်သစ်များကလည်း အနာဂတ်မြန်မာ့တိုင်းရင်းဆေး ပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ခေတ်နှင့်အညီ ဆက်လက်၍ ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက မိမိတို့ ဘိုးဘွားဘီဘင်လက်ထက်ကပင် ကျန်းမာရေးကို မြန်မာ့တိုင်းရင်း ဆေးဝါး များနှင့် ပြုစုစောင့်ရှောက်လာခဲ့သည်မှာ ယနေ့မိမိတို့ခေတ်အထိပင်ဖြစ်ပြီး နောင်လည်း ဆက်လက် တည်ရှိနေအုံးမည်မှာ အသေအချာပင်ဖြစ်ပါကြောင်း၊ ကိုဗစ်- ၁၉ ကပ်ရောဂါ အတွက် အသုံးပြုနိုင် ရန် မြန်မာ့တိုင်းရင်းဆေး ဝိသမအဖျားပျောက်ဆေးကို စနစ်တကျ သုတေသနပြုလုပ်ဆောင်ရွက်ခဲ့ပြီး တိုင်းရင်း ဆေးရုံ၊ ဆေးကုဌာနများတွင် အသုံးပြုနေပြီ ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
#PeopleMedia