ပဋိပက္ခတွေနဲ့ စီးပွားရေးတိုးတက်မှုနှောင့်နှေးလွန်းတာကြောင့် ထိုင်းကုမ္ပဏီအများအပြား မြန်မာနိုင်ငံထဲက ပြန်လည်ထွက်ခွာ
PUBLISHED - September 3, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၃
ထိုင်းနိုင်ငံရဲ့အနောက်ဘက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ လေးနှစ်နီးပါးကာလအတွင်း တိုးတက်မှု လက္ခဏာတစ်စုံတရာပြသလာနိုင်ခြင်းမရှိတဲ့အတွက် ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေဟာ ၎င်းတို့ရဲ့ရင်းနှီးမြှုပ်နှံ မှုတွေကို မြန်မာနိုင်ငံထဲကနေ တဖြည်းဖြည်း ပြန်လည် ဆုတ်ခွာလာကြောင်း The Nation မှာ ရေးသားဖော်ပြ ထားပါတယ်။
Covid-19 ကပ်ရောဂါဘေးကာကတည်းက ကျဆင်းလာတဲ့ မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ သိမ်းမှုကြောင့်ရော မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေကြားက ဆက်လက်ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေကြောင့်ရော ပိုမိုဆိုးရွားလာခဲ့ပါတယ်။
ဆီယမ်ဘိလပ်မြေအုပ်စု (Siam Cement Group – SCG) ဟာ မြန်မာနိုင်ငံက နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ဘာလုပ်ငန်းတိုးချဲ့မှုမှ မလုပ်ခဲ့သလို မြန်မာနိုင်ငံတွင်းတည်ဆောက်ထားတဲ့ ဘိလပ်မြေ စက်ရုံနှစ်ခုရဲ့ လုပ်ငန်းလည်ပတ်မှုတွေကိုလည်း ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း SCG ရဲ့ ဒုတိယအမှုဆောင်ဥက္ကဋ္ဌ သမ်မာဆတ်ဆီသာအူဒမ်က ပြောပါတယ်။
အဲဒီဘိလပ်မြေစက်ရုံတွေမှာ SCG က ဘတ်ငွေ ၈ ဘီလျံရင်းနှီးမြှုပ်နှံခဲ့ပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ အတွက် စက်ရုံတွေက စက်ပစ္စည်းတချို့ ခိုးယူခံခဲ့ရကြောင်း ၎င်းက ပြောပါတယ်။
“လတ်တလောကာလမှာ လုပ်ငန်းပြန်လည်လည်ပတ်နိုင်မယ့် မျှော်လင့်ချက် လုံးဝမရှိပါဘူး။ မြန်မာနိုင်ငံမြောက် ပိုင်းမှာ တရုတ် ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ တခြားဘိလပ်မြေစက်ရုံတစ်ခုရှိပါသေးတယ်။ အဲဒီစက်ရုံကိုတော့ တရုတ်စစ်ဘက်က စောင့်ကြပ်ထားတယ်လို့ဆိုတယ်။ SCG က ဒါတွေ မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့ ဝန်ထမ်း တွေအတွက် အန္တရာယ်ရှိမယ့်အလုပ်မျိုးကိုလည်း ကျွန်တော်တို့လုပ်မှာမဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
တပြိုင်တည်းမှာပဲ အဖျော်ယမကာကုမ္ပဏီကြီးဖြစ်တဲ့ OSP (Osotspa Plc) ကုမ္ပဏီကလည်း Myanmar Golden Eagle နဲ့ Myanmar Golden Glass မှာ ထည့်ဝင်ထားတဲ့ ဘတ်ငွေ ၁၃၆ သန်းတန်ကြေးရှိ ၎င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ရောင်းချတော့မှာဖြစ်ကြောင်း မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံထဲမှာရှိတဲ့ ကုမ္ပဏီခွဲနှစ်ခုက ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ရောင်းချတယ်ဆိုတာ အဓိကစီးပွားရေး လုပ်ငန်းကို အားဖြည့်မြှင့်တင်တဲ့ ကုမ္ပဏီမဟာဗျူဟာရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အဓိကလုပ်ငန်းတွေကို ရောင်းချတာမဟုတ်ကြောင်း OSP ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအရာရှိချုပ် ရာတီပွန်ရတ်ချာရွန်က ပြောပါတယ်။
အခုလို ကုမ္ပဏီခွဲတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ရောင်းချတာဟာ မြန်မာနိုင်ငံထဲမှာရှိတဲ့ ၎င်းတို့ရဲ့ အ ဖျော်ယမကာလုပ်ငန်းတွေကို ထိခိုက်မှာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာ အဖျော်ယမကာပုလင်းတွေ ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီခွဲနှစ်ခုရဲ့လုပ်ငန်းတွေမှာ OSP ကုမ္ပဏီအနေနဲ့ ဘတ်ငွေ သန်း ၈၀၀ ဆုံးရှုံးနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းရကြောင်း ဆန်းစစ်လေ့လာသူတွေ က ပြောပါတယ်။
အလားတူ မြန်မာနိုင်ငံထဲက စီးပွားရေးအခြေအနေ မရောရာမှုကြောင့် လုပ်ငန်းတွေရပ်ဆိုင်းခဲ့တဲ့ ကုမ္ပဏီခွဲ တစ်ခုဖြစ်တဲ့ TPBI & Myanmar Star Company Limited နဲ့ ဆက်နွယ်တဲ့ ငွေစာရင်းတွေကို ရပ်ဆိုင်းလိုက်ဖို့ ၎င်းတို့ကုမ္ပဏီဘုတ်အဖွဲ့က ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ပလပ်စတစ်နဲ့ ထုပ်ပိုးမှုပစ္စည်းတွေ ထုတ်လုပ်တဲ့ TPBI Public Company Limited က ဇူလိုင်လအတွင်းက ထိုင်းစတော့အိပ်ချိန်း (SET) မှာ အသိပေးခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း ကုန်စည်ပြပွဲတွေစီစဉ်ဆောင်ရွက်ခဲ့တဲ့ Grand Prix International Myanmar ရဲ့လုပ်ငန်းတွေ ကိုလည်း ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း Grand Prix International Plc ပြပွဲတွေ စီစဉ်တဲ့သူကလည်း ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလအတွင်း ထိုင်းစတော့အိပ်ချိန်း (SET) မှာ အသိပေးခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေ လေးနှစ်ကြာဆောင်ရွက်ခဲ့ပြီးနောက် ပြပွဲအခမ်းအနားတွေ စီစဉ်ဆောင် ရွက်နေတာတွေကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း Index Creative Village တည်ထောင်သူနဲ့ CEO ဖြစ်တဲ့ ကရန်ကရိုင်ကန်ဂျာနာပိုကင်က ပြောပါတယ်။
“လက်ရှိအချိန်မှာ မြန်မာနိုင်ငံဈေးကွက်ထဲကို ပြန်ဝင်ဖို့ ကျွန်တော်တို့မှာ အစီအစဉ် လုံးဝမရှိသေးပါဘူး။ အခြေ အနေတွေ ၁၀၀% ပုံမှန် ပြန်ဖြစ်လာမှသာ ကျွန်တော်တို့ ပြန်ဝင်ဖို့ စီစဉ်မှာပါ။” လို့ ၎င်းက ပြောပါတယ်။
မြန်မာနိုင်ငံထဲကနေ ထိုင်းကုမ္ပဏီအားလုံး ပြန်လည်ထွက်ခွာသွားတာတော့ မဟုတ်ပါဘူး။
Beverage Plc ကုမ္ပဏီကတော့ လွန်ခဲ့တဲ့ကိုးလအတွင်း မြန်မာနိုင်ငံထဲက ၎င်းတို့ အဖျော်ယမကာလုပ်ငန်းမှာ ဝင်ငွေတိုးလာကြောင်း မကြာသေးခင်က ကြေညာခဲ့ပါတယ်။ Beverage Plc ကုမ္ပဏီဟာ မြန်မာနိုင်ငံထဲက အကြီးဆုံးဝီစကီထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ Grand Royal Group က ရှယ်ယာ ၇၅% ကို ဝယ်ယူခဲ့ပါတယ်။
ဒါ့အပြင် Beverage Plc ကုမ္ပဏီဟာ မြန်မာနိုင်ငံထဲက ဘီယာထုတ်လုပ်ရေးစက်ရုံတစ်ခုမှာလည်း ဘတ်ငွေ သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့ပါသေးတယ်။ မန္တလေးမှာ လုပ်သား ၁၀၀ ဝန်းကျင်နဲ့ လည်ပတ်နေတဲ့ “မားမား အသင့်စားခေါက်ဆွဲခြောက်” ထုတ်လုပ်တဲ့ Thai President Foods ကုမ္ပဏီကလည်း ၎င်းတို့လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
Ref: Thai businesses pulling out of Myanmar amid sluggish economy
#PeopleMedia