ပဋိပက္ခများအတွင်း စစ်ရေးနှင့် မသက်ဆိုင်သောပစ်မှတ်များကို တိုက်ခိုက်ဖျက်ဆီးနေမှုများအားလုံးအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း PPP ပါတီထုတ်ပြန်
PUBLISHED - August 12, 2024
နေပြည်တော်၊ သြဂုတ် ၁၂
ပဋိပက္ခများအတွင်း စစ်ရေးနှင့် မသက်ဆိုင်သော ပစ်မှတ်များဖြစ်သည့် ပြည်သူများ၊ နိုင်ငံံ့ဝန်ထမ်းများ၊ ပြည်သူအများသို့ ဝန်ဆောင်မှုပေးနေသော စာသင်ကျောင်းများ၊ ဆေးရုံများနှင့် အခြားပြည်သူ့ဝန်ဆောင် မှုများကိုတိုက်ခိုက်ဖျက်ဆီးနေမှုများ အားလုံးအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ပြည်သူ့ရှေ့ ဆောင်ပါတီ (PPP)မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ၏ အကျိုးသက်ရောက်မှုများကြောင့် နိုင်ငံနှင့်အဝှမ်း စီးပွားရေး၊ လူမှုရေးမှစ၍ အထွေထွေ အကြပ်အတည်းများ ပိုမိုဆိုးရွားလာနေသည်ကို စိုးရိမ်ဖွယ်ရာ မြင်တွေ့ နေရကြောင်း၊ ၂ဝ၂၄ ခုနှစ် ဇူလိုင်လမှ စတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော စစ်မက် ပဋိပက္ခ များကြောင့် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ သတ်ဖြတ်ခံရခြင်း၊ ပုဂ္ဂလိကပိုင်ဆိုင်မှုများနှင့် ပြည်သူပိုင် အခြေခံအဆောက်အအုံများ ပျက်ဆီးဆုံးရှုံးနေရခြင်း စသည့် ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်များစွာကိုပြည်သူအားလုံး တွေ့ကြုံ ခံစားနေကြရကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ပဋိပက္ခများအတွင်း စစ်ရေးနှင့်မသက်ဆိုင်သောပစ်မှတ်များဖြစ်သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူအများသို့ ဝန်ဆောင်မှုပေးနေသော စာသင်ကျောင်းများ၊ ဆေးရုံများနှင့် အခြားပြည်သူ့ဝန်ဆောင်မှု များကို တိုက်ခိုက်ဖျက်ဆီးနေမှုများ အားလုံးအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း PPP ပါတီမှ ကြေညာ ချက်ထုတ်ပြန်ထားသည်။
ယခုအချိန်တွင် စစ်မီးကူးစက်မှု ပိုမိုပြင်းထန်လာပြီး နီးစပ်ရာ မြို့ရွာများသို့ စစ်ဘေးပျံ့နှံ့လာသဖြင့် ဒေသခံ ပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကာ လူမှုစီးပွား ဘဝများလည်း ပျက်စီးဆုံးရှုံးရလျှက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ စစ်ပွဲများအမြန်ဆုံး ရပ်တန့်ကာ အပစ်အခတ်ရပ်စဲရေးအတွက် စောလျင်စွာ ချည်းကပ် ဆောင် ရွက်ကြပါရန် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် စစ်ဖက်အဖွဲ့အစည်းများ အားလုံးအား မေတ္တာရပ်ခံ တောင်းဆိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံရေးစစ်ရေး မတည်ငြိမ်မှုများအပြင် သဘာဝဘေးအန္တရာယ်များကိုလည်း ပြင်းထန်စွာ ခံစားနေရသော ပြည်သူလူထု၏ မြေပြင်ပကတိ ကြုံတွေ့ရင်ဆိုင်နေရသော အခက်အခဲပြဿနာများကို ဝိုင်းဝန်းကူညီ ဖြေရှင်း ကြပြီး ပြည်သူအားလုံး၏ အနာဂတ်ဘဝများအတွက် ရှေးရှုဆောင်ရွက်မည့် လုပ်ငန်းစဉ်များ စုပေါင်း ချမှတ်ကာ ပြည်ထောင်စုသားအားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်ကြရန် လေးနက်စွာ သဘောထားထုတ်ပြန် တိုက်တွန်း အပ်ကြောင်း PPP ပါတီမှ ထုတ်ပြန်ထားသည်။
#PeopleMedia