ပထမအကြိမ် မြန်မာ-ရုရှားရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနားကျင်းပ
PUBLISHED - November 7, 2023
နေပြည်တော်၊ နိုဝင်ဘာ ၇
ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း၏ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက်တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားရေတပ် ဦးစီးချုပ် Admiral Nikolai A.EVMENOV နှင့် နှစ်နိုင်ငံရေတပ်အရာရှိကြီးများ၊ မြန်မာ နိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ရုရှားရေတပ်ဦးစီးချုပ်တို့သည် အလေးပြုခံစင်မြင့်၌ နှစ်နိုင်ငံရေတပ် စစ်ရေးပြတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအလံတော်နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ အလံတော်တို့အား နိုင်ငံတော်သီချင်းများတီးမှုတ်၍ အလေးပြုကြသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ရုရှားရေတပ်ဦးစီးချုပ်တို့သည် လေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနား အဖွင့်အမှာစကားများ အသီးသီးပြောကြားခြင်း၊ လေ့ကျင့်ခန်း အထိမ်းအမှတ် အမှတ်တရပစ္စည်းများအပြန် အလှန်ပေးအပ်ခြင်း၊ မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဖွင့်လှစ်ကြောင်း ကြေညာခြင်းများ ဆောင်ရွက်ခဲ့သည်။
မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းတွင် တပ်မတော်(ရေ) နှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်၊ စစ်ရေယာဉ်များသည် ရုရှားရေတပ်မှ စစ်ရေယာဉ်များ၊ ရဟတ်ယာဉ် များဖြင့် ပူးပေါင်း၍ ဝေဟင်ရန်၊ ရေပြင်ရန်၊ ရေအောက်ရန် ကာကွယ်ရေး လေ့ကျင့်ခန်းများ၊ ရေကြောင်းလုံခြုံ ရေးဆိုင်ရာလေ့ကျင့်ခန်းများ ဆောင်ရွက်သွား မည်ဖြစ်ပြီး အဆိုပါ လေ့ကျင့်ခန်းအတွင်း နှစ်နိုင်ငံရေတပ်မှ အရာရှိ၊ စစ်သည်များ ပါဝင်လေ့ကျင့်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia