ပနားမားတူးမြောင်းနဲ့ ဂရင်းလန်းကျွန်းကို ရယူဖို့ စစ်ရေးအသုံးပြုမှုကို ထည့်သွင်းစဉ်းစားထားတယ်လို့ ထရမ့်ပြော
PUBLISHED - January 8, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၈
ပနားမားတူးမြောင်းနဲ့ ဂရင်းလန်းကျွန်းကို ပြန်လည်ရယူဖို့အတွက် ကြိုးပမ်းရာမှာ စစ်ရေးနဲ့ စီးပွားရေးအရ အရေးယူ ဆောင်ရွက်မှုတွေကို ထည့်သွင်းမစဉ်းစားဘူးဆိုတာ မဟုတ်ကြောင်း အမေရိကန်ရွေးကောက်ခံ အကြိုသမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၇ ရက် (အင်္ဂါနေ့) က ပြောကြားလိုက်ပါတယ်။
ကနေဒါနိုင်ငံကို အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တစ်ခုအဖြစ်ပြောင်းလဲဖို့ စဉ်းစားနေတယ်ဆိုပြီး ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတတာဝန်စတင်ထမ်းဆောင်မယ့် ထရမ့်က ၎င်းအနေနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ကာကွယ်ရေး အသုံးစရိတ်ပိုမိုသုံးစွဲ ဖို့ တောင်းဆိုသွားမှာဖြစ်သလို မက္ကဆီကို ပင်လယ်ကွေ့ကိုလည်း အမေရိကပင်လယ် ကွေ့လို့ နာမည်ပြောင်းသွားမှာဖြစ် ကြောင်း ပြောပါတယ်။
တရားဝင်တာဝန်ထမ်းဆောင်ဖို့ နှစ်ပတ်လိုသေးပေမဲ့ ထရမ့်ဟာ အမေရိကန်မဟာမိတ်နိုင်ငံတွေရဲ့ စိုးရိမ်ပူပန်မှု ဒါမှမ ဟုတ် သံတမန်ဆက်ဆံရေးကိစ္စတွေကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ရန်လိုတဲ့ နိုင်ငံခြားရေးမူဝါဒတွေကို စတင်ချပြနေပြီဖြစ်ပါတယ်။
ထရမ့်အနေနဲ့ ပနားမားတူးမြောင်းနဲ့ ဂရင်းလန်းကျွန်းကို ထိန်းချုပ်ဖို့ ကြိုးစားနေစဉ်အတွင်း စစ်ရေးနဲ့ ဒါမှမဟုတ် စီးပွား ရေးတိုက်ခိုက်မှုမျိုးတွေ အသုံးမပြုဘူးလို့ ကမ္ဘာကြီးကို အာမခံနိုင်သလားလို့ ဖလော်ရီဒါ အပန်းဖြေစခန်းမှာ သတင်း ထောက်တွေက ၎င်းကို မေးခဲ့ပါတယ်။
“နိုး … အာမမခံနိုင်ပါဘူး။ ခင်ဗျားတို့ကိုရော အဲဒီနှစ်နေရာစလုံးကိုရော ကျွန်တော် အာမမခံနိုင်ပါဘူး။ ဒါပေမဲ့ ကျွန် တော်ပြောနိုုင်တာကတော့ စီးပွားရေးလုံခြုံမှုအတွက် အဲဒီနေရာနှစ်ခုကို ကျွန်တော်တို့ လိုအပ်တယ်ဆိုတာကိုတော့ ကျွန် တော်ပြောနိုင်ပါတယ်။” လို့ ထရမ့်က ပြောပါတယ်။
ကနေဒါနိုင်ငံရဲ့ကုန်စည်တွေအတွက် အမေရိကန်နိုင်ငံက ငွေကြေးသုံးစွဲနေတာတွေနဲ့ ကနေဒါနိုင်ငံကို စစ်ရေးထောက်ပံ့ မှုပေးနေတာတွေကိုလည်း ထရမ့်က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။
ကနေဒါကို အဲဒီလိုထောက်ပံ့နေလို့ အမေရိကန်အတွက် ဘာအကျိုးအမြတ်မှမရတဲ့အတွက် နှစ်နိုင်ငံကြားမှာ နယ်စပ် စည်းမျဉ်းတစ်ခုရေးဆွဲသတ်မှတ်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။
အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အသက်တမျှအရေးကြီးတယ်လို့ ၎င်းကပြောဆိုထားတဲ့ ဂရင်းလန်း ကျွန်းကို ဝယ်ယူဖို့ ကမ်းလှမ်းထားတာကို ဆက်လက်ကန့်ကွက်ငြင်းဆန်နေမယ်ဆိုရင် ဒိန်းမတ်နိုင်ငံကိုလည်း သွင်းကုန်အခွန် တိုးမြှင့်ကောက်ခံသွားမှာဖြစ်ကြောင်း ထရမ့်က ပြောပါတယ်။
ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဂရင်းလန်ကျွန်းဟာ ရောင်းစားဖို့ မဟုတ်ကြောင်း ဒိန်းမတ်အစိုးရက ပြောပါတယ်။
“ကျွန်မတို့တွေ အင်မတန်ရင်းနှီးတဲ့ မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေအဖြစ် ပေါင်းသင်းဆက်ဆံနေတဲ့ အချိန်မှာ စီးပွားရေးအကျိုးအမြတ်အတွက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ တိုက်ခိုက်တယ်ဆိုတာ နည်းလမ်းကောင်း တစ်ရပ်မဟုတ်ဘူး လို့ ကျွန်မ ထင်ပါတယ်။” လို့ ဒိန်းမတ်ဝန်ကြီးချုပ်မက်တာဖရက်ဒရစ်ဆန်က အင်္ဂါနေ့ ညနေပိုင်းက ပြောပါတယ်။
ကနေဒါနိုင်ငံခြားရေးဝန်ကြီး မယ်လာနီဂျိုလီကလည်း “ဒေါ်နယ်ထရမ့်ဟာ ကနေဒါနိုင်ငံ ဘာ့ကြောင့် အားကောင်းသန်မာ နေတယ်ဆိုတာမသိဘူးဆိုတာကို ထုတ်ဖော်ပြသနေတာဖြစ်တယ်။ ကျွန်မတို့ စီးပွားရေး အားကောင်းတယ်။ ကျွန်မတို့ လူထုဟာ အားကောင်းသန်မာတယ်။ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မတို့ ဘယ်တော့မှာ နောက်ဆုတ်သွား မှာ မဟုတ်ဘူး။” လို့ ပြောပါတယ်။
အမေရိကန်အစိုးရက တည်ဆောက်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ပနားမားကို လွှဲပြောင်းပေးခဲ့တဲ့ ပနားမားတူးမြောင်း နိုင်ငံတ ကာရေလမ်းကြောင်းကို ပြန်လည်ရယူထိန်းချုပ်သွားမယ်ဆိုတဲ့ အမေရိကန်ခေါင်းဆောင်ရဲ့ ခြိမ်းခြောက်မှုကို ပနားမား နိုင်ငံခြားရေးဝန်ကြီးကလည်း ပယ်ချလိုက်ပါတယ်။
“ပနားမားတူးမြောင်းကို ထိန်းချုပ်ထားသူတွေဟာ ပနားမားနိုင်ငံသားတွေသာဖြစ်ပါတယ်။ ဒါ့ကြောင့် ပနားမားနိုင်ငံကပဲ ဆက်လက်ထိန်းချုပ်သွားမှာဖြစ်ပါတယ်။” လို့ ဂျာဗီမာတီနက်အာချာက သတင်းထောက် တွေကို အင်္ဂါနေ့ကပြောပါတယ်။
Ref: Trump will not rule out force to take Panama Canal, Greenland
#PeopleMedia