ပန်ဆောင်-အိန္ဒိယ နယ်စပ်ဂိတ်အား ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တရားဝင်ဖြတ်သန်း သွားလာခွင့်ပြုမည်
PUBLISHED - December 3, 2024
မြစ်ကြီးနား၊ ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်းအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့နှင့် အိန္ဒိယနယ်စပ်ဂိတ်အား ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တရားဝင် ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပန်ဆောင်-အိန္ဒိယ နယ်စပ်ဂိတ်အား တရားဝင် ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားသည်မှာ ဆယ်နှစ်နီးပါး ရှိခဲ့ရာမှ အိန္ဒိယ-မြန်မာ နယ်စပ်ဈေး ပူးတွဲ ကော်မတီ သဘောတူညီချက်များဖြင့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်းကို အိန္ဒိယနိုင်ငံပိုင်များမှ ထုတ်ပြန်ကြေငြာခဲ့ကြောင်း ပန်ဆောင်မြို့နေ ပြည်သူတစ်ဦးထံမှ သိရသည်။
“ဟိုလကတည်းက သူတို့က နှစ်ကုန်ပိုင်းမှဖွင့် ပေးမယ်လို့ ထုတ်ပြန်ထားတာဟုတ်တယ်။ အခုတော့ ဒီလ ၁၅ ရက်နေ့မှာ တရားဝင် ဖွင့်လှစ်ပေးမယ်ဆိုပြီး ရက်စွဲနဲ့ ပြန်ထုတ်ပြန်လာတယ်။ အခုလို တရားဝင်ခွင့်ပြုပေး တော့ ဒေသခံတွေအတွက် အရမ်းအဆင်ပြေတာပေါ့။ ကုန်ပစ္စည်းတွေကို လွယ်လွယ်နဲ့ သယ်ယူနိုင်ပြီလေ” ဟု ၎င်းမှ ဆိုသည်။
ယင်းကဲ့သို့ နယ်စပ်ဂိတ်အား ဖွင့်လှစ် တော့မည့်သတင်းကြားပြီး ဒေသခံပြည်သူများအနေဖြင့် ယခင် လမ်းဖွင့်ချိန် ဆိုင်များဖွင့်လှစ်ခဲ့သည့် နယ်စပ်ဈေး၊ မြေနေရာ၊ အဆောက်အဦးများအား ပြုပြင်ဆောက်လုပ်မှုများ လုပ်ဆောင်လာကြပြီး ယခင်အတိုင်း နယ်စပ်ဈေးများ ဖွင့်လှစ်ရောင်းချရန် ပြင်ဆင်နေကြကြောင်းလည်း သိရသည်။
အလင်း(EPN)
#PeopleMedia