• Follow Us on
Latest News

Home ပန်ဝါမြို့အနီးရှိ အမှတ် (၁၀၀၂) နယ်ခြားစောင့် တပ်ရင်းအား KIA/PDF စစ်သွေးကြွအဖွဲ့တို့က တိုက်ခိုက်သိမ်း ပိုက်ရန် လူအင်အား၊ လက်နက်ခဲယမ်းများ ထပ်မံဖြည့်တင်းလာ

ပန်ဝါမြို့အနီးရှိ အမှတ် (၁၀၀၂) နယ်ခြားစောင့် တပ်ရင်းအား KIA/PDF စစ်သွေးကြွအဖွဲ့တို့က တိုက်ခိုက်သိမ်း ပိုက်ရန် လူအင်အား၊ လက်နက်ခဲယမ်းများ ထပ်မံဖြည့်တင်းလာ

Share this post

မြစ်ကြီးနာ၊ မေ ၈

 

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့အောက်ဘက် ဇုတ်လန်ကျေးရွာနှင့် သုံးမိုင်ခန့်အကွာ ဇုတ်လန်ချောင်းဖျားရှိ တပ်မတော်စခန်း၊ နယ်ခြားစောင့် စခန်းနှင့် ပြည်သူ့စစ်စခန်းတို့အား တိုက်ခိုက်လာသည့် အပြင် လုပီကျေးရွာရှိ အမှတ်(၁၀၀၂)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ရန်အတွက် KIA/PDF စစ်သွေးကြွ အဖွဲ့တို့က ယနေ့နံနက်ပိုင်းအချိန်က လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းမှုများ ပြုလုပ်လာကြောင်း မြေပြင်သတင်းများက ဆိုသည်။

 

ပန်ဝါမြို့၊ ဇုတ်လန်ကျေးရွာနှင့် သုံးမိုင်ခန့်အကွာ ဇုတ်လန်ချောင်းဖျားတွင်ရှိသည့် တပ်မတော်ရှေ့တန်းစခန်း၊ နယ်ခြားစောင့်စခန်းနှင့် ပြည်သူ့စစ်စခန်းတို့ကို KIA/PDF စစ်သွေးကြွအဖွဲ့တို့က သာလွန်အင်အားဖြင့် မေလ ၆ ရက်နေ့၊ နံနက်အစောပိုင်းက စတင်တိုက်ခိုက်လာ၍ စခန်းအချို့ နောက်ဆုတ်ပေးခဲ့ရပြီး၊ လက်ရှိအချိန်တွင် တပ်မတော်၊ နယ်ခြားစောင့်၊ ပြည်သူ့စစ်တပ်ဖွဲ့များက ဇုတ်လန်ရွာအထက်ဘက်တွင် ပြန်လည်စုဖွဲ့၍ နယ်မြေ ထိန်းချုပ်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

 

“စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲပဲ ဟုတ်တယ်။ KIA/ PDF အဖွဲ့တို့က ဟိုတစ်နေ့က ဆုတ်ပေး လိုက်ရတဲ့ ဆိတ်ခြံစခန်းမှာ လူအင်အား၊ လက်နက်အင်အားတွေ ဖြည့်တင်းနေကြတယ်။ သူတို့တွေ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ရင်းကို ဝင်လုံးဖို့ ပြင်ဆင်နေကြပြီ။ ဇုတ်လန်ရွာနဲ့ (၁၀၀၂) နယ်ခြားတပ်ရှိတဲ့ လုပီရွာက နီးနီးပဲဖြစ်သွားပြီ။ ခုအခြေအနေကတော့ ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်း ထိပ်တိုက်တိုက်ပွဲ ဖြစ်လာတော့မယ်ထင်တယ်” ဟု ၎င်းက ပြောပြသည်။

 

နောက်ဆုတ်ပေးလိုက်ရသည့် ဆိတ်ခြံစခန်းတွင် ယနေ့ မေလ ၈ ရက်နေ့၊ နံနက်ပိုင်းက KIA/ PDF စစ်သွေး ကြွအဖွဲ့တို့က ဖိုးဝှီးကား (၆)စီး၊ ဆိုင်ကယ် အစီး(၃၀)တို့ဖြင့် လူအင်အား၊ လက်နက်အင်အား၊ စားနပ်ရိက္ခာများ ဖြည့်တင်းလာကြောင်း သတင်းရင်းမြစ်က ဆိုသည်။

 

KIA/PDF တို့၏ ယင်းကဲ့သို့ အင်အားများဖြည့်တင်းလာသောကြောင့် ဇုတ်လန်ရွာအထက်ဘက်တွင်ခြေကုတ်ယူ ထားသည့် တပ်မတော်၊ နယ်ခြားစောင့်တပ်၊ ဒေသပြည်သူ့စစ်တို့နှင့် စစ်ရေးတင်းမာမှုများရှိနေပြီး တိုက်ပွဲဖြစ်ပွား လာမည်ကို စိုးရိမ်နေကြရသော အပြစ်မဲ့ဒေသခံမိဘပြည်သူ အများအပြား ဘေးလွတ်ရာဒေသများသို့ ထွက် ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

 

KIA/PDF စစ်သွေးကြွအဖွဲ့တို့သည် ကချင်အထူးဒေသ(၁)နယ်မြေအတွင်း ဝင်ရောက်လာကာ နယ်ခြားစောင့်၊ ပြည်သူ့စစ်တပ်စခန်းများကို စစ်ရေးပစ်မှတ် အဖြစ် သတ်မှတ်တိုက်ခိုက်လာခြင်းကြောင့် ပြီးခဲ့သည့် လပိုင်း အတွင်းကလည်း လန်းယန်၊ ဆော့လော်၊ မျောဂျောင် စသည့် ဒေသဘက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့၍ ဒေသ ခံပြည်သူ အိမ်ထောင်စု တစ်ရာကျော် ချန်းမောခုန်း ဒေသဘက်သို့ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။

 

ယင်းအပြင် ကချင်ပြည်နယ်အတွင်းက တပ်မတော်စခန်းကုန်းများကိုလည်း KIA/PDF စစ်သွေးကြွအဖွဲ့မှ လူအင်အား၊ လက်နက်အင်အား အလုံးအရင်းအသုံးပြု၍ ဝိုင်းမော်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်တို့ရှိ တပ်မတော်စခန်း၊ ပြည်သူ့စစ် တပ်စခန်းများကို တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post