• Follow Us on

Home ပါကစ္စတန်တပ်စခန်းတစ်ခု အသေခံကားဗုံးခွဲတိုက်ခိုက်ခံရရာ စစ်သား ၂၃ ဦး သေဆုံး

ပါကစ္စတန်တပ်စခန်းတစ်ခု အသေခံကားဗုံးခွဲတိုက်ခိုက်ခံရရာ စစ်သား ၂၃ ဦး သေဆုံး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃

 

ပါကစ္စတန်စစ်သွေးကြွတွေက ဗုံးတွေတင်ထားတဲ့ကားတစ်စီးနဲ့ ပါကစ္စတန်စစ်စခန်းတစ်ခုကို ဝင်တိုက်ပြီး ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ ပါကစ္စတန်စစ်သား ၂၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က အင်္ဂါနေ့က ပြော ကြားလိုက်ပါတယ်။

 

ကားဗုံးခွဲမှုနဲ့ပတ်သက်ပြီး ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပါကစ္စတန်တာလီဘန်အဖွဲ့က ကြေညာခဲ့ပါတယ်။

 

အင်္ဂါနေ့ (ဒီဇင်ဘာလ ၁၂ ရက်နေ့) အစောပိုင်းက အာဖဂန်နစ္စတန်နယ်စပ်အနီး ခိုင်ဘာပတ္တန်ခွာပြည်နယ်က ဒီရာအစ္စမေးလ်ခန်ခရိုင်မှာရှိတဲ့ စစ်တပ်ကာကင်းစခန်းတစ်ခုကို အသေခံအဖွဲ့ဝင် ၆ ဦးပါတဲ့ အကြမ်းဖက်သမား အုပ်စုက တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း စစ်တပ်မီဒီယာက ပြောပါတယ်။

 

“ဗုံးတွေတင်ထားတဲ့ကားတစ်စီးနဲ့ တပ်စခန်းကို အသေခံဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အဆောက်အအုံ ပြိုကျသွားပြီး စစ်သားတွေ ထိခိုက်ကျဆုံးခဲ့ပါတယ်။ စခန်းထဲဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ အကြမ်းဖက်သမား ၆ ဦး ကိုလည်း အပြန်အလှန်ပစ်ခတ်ရင်း သုတ်သင်နိုင်ခဲ့ပါတယ်။” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

တပ်စခန်းထဲမှာ စစ်သားတွေအိပ်ပျော်နေတုန်း အသေခံဗုံးခွဲမှုကြောင့် သေဆုံးသွားကြတာဖြစ်ကြောင်း၊ အဲဒီ တပ်စခန်းက ရဲစခန်းတစ်ခုအနီးမှာရှိတဲ့ အစိုးရစာသင်ကျောင်းကို ကြည်းတပ်က တပ်စခန်းအဖြစ် အသုံးပြုနေ တာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ဒေသခံအရာရှိတစ်ဦးက ပြောပါတယ်။

 

တိုက်ခိုက်မှုကြောင့် စစ်သား ၂၃ ဦးသေဆုံးခဲ့သလို ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

တခြားတိုက်ခိုက်ရေးသမားတွေက အဲဒီတပ်စခန်းဝင်းထဲကို ဝင်ရောက်စီးနင်းခြင်းမပြုခင် တိုက်ခိုက်ရေးသမား တစ်ဦးက “အာဇာနည်သူရဲကောင်း တိုက်ခိုက်မှု” မျိုးနဲ့ မနက် ၂ နာရီခွဲမှာ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပါကစ္စ တန်တာလီဘန်အဖွဲ့နဲ့ ဆက်နွယ်တဲ့ တဲရစ်-အီး-ဂျီဟတ် ပါကစ္စတန် (Tehreek-e-Jihad Pakistan) အဖွဲ့က ပြောပါတယ်။

 

ဒီရာအစ္စမေးလ်ခန်ခရိုင်မှာရှိတဲ့ နယ်စပ်ဒေသမှာ အဲဒီညက ပါကစ္စတန်စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့လို့ အကြမ်း ဖက်သမား ၂၇ ဦး သေဆုံးခဲ့ကြောင်း စစ်တပ်မီဒီယာက ပြောပါတယ်။

 

အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၂၁ ခုနှစ်မှာ တာလီဘန်တွေ အာဏာပြန်ရလာပြီးနောက် ပါကစ္စတန်နိုင်ငံထဲက နယ်စပ်ဒေသမှာ တာလီလန်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

 

၂၀၂၁ ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံထဲက အမေရိကန်တပ်တွေ ပြန်လည်ဆုတ်ခွာသွားပြီးနောက် အိမ်နီးချင်း အာဖဂန်မှာရှိတဲ့တာလီဘန်တွေရဲ့ အောင်မြင်မှုက ပါကစ္စတန်နိုင်ငံထဲက အစ္စလာမ်မစ်တိုက်ခိုက်ရေးသမားတွေ ကို ပိုပြီး ရဲဆေးတင်ပေးလိုက်တာဖြစ်တယ်လို့ ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။

 

Ref: Suicide Attack on Pakistan Army Base Kills 23 Soldiers: Military

 

#PeopleMedia


Share this post