ပါကစ္စတန်နိုင်ငံက တရုတ်ထုတ် FC-31 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် ဝယ်ယူသွားမည်
PUBLISHED - January 6, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၆
တရုတ်နိုင်ငံ ရှန်းဉာဏ်လေယာဉ်ထုတ်လုပ်ရေးကော်ပိုရေးရှင်း (Shenyang Aircraft Corporation) ကထုတ် လုပ်တဲ့ ပဉ္စမမြောက်မျိုးဆက် FC-31 ဂျယ်ဖာကွန်ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် (FC-31 Gyrfalcon fifth-generation stealth fighter) ကို မကြာခင်ကာလအတွင်းမှာ ဝယ်ယူတော့မှာဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံက ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီလ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ လေယာဉ်သစ်တွေ တပ်တော်ဝင်တဲ့အခမ်းအနားမှာ ပါကစ္စတန်လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇာဟီးယားအာမက်ဘာဘားဆစ်ဒူးက အခြေခံသဘောတူညီချက်ကို ကြေညာခဲ့ပါတယ်။ တပ်တော်ဝင်တဲ့လေယာဉ်တွေထဲမှာတော့ တရုတ်ထုတ် J-10C ဂျက်တိုက်လေယာဉ်တွေနဲ့ စီးပွားရေးလုပ်ငန်း သုံးလေယာဉ်တွေပါဝင်ပါတယ်။
FC-31 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် ဝယ်ယူမယ့် အရေအတွက်နဲ့ ဝယ်ယူမယ့်အချိန်အတိအကျကိုတော့ ဗိုလ်ချုပ်ကြီးဆစ်ဒူးနဲ့ ပါကစ္စတန်လေတပ်က ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။
အခုလိုတရုတ်ထုတ် FC-31 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်ဝယ်ယူမယ်ဆိုတဲ့အစီအစဉ်ဟာ တူရကီထုတ် ပဉ္စမမြောက်မျိုးဆက် Kaan ဂျက်တိုက်လေယာဉ်ဝယ်ယူဖို့ ရည်ရွယ်ထားတဲ့အစီအစဉ်အပေါ် ဘယ်လိုအကျိုး သက်ရောက်မှုရှိမလဲဆိုတဲ့မေးခွန်းကိုလည်း ပါကစ္စတန်လေတပ်က ပြန်လည်ဖြေကြားခြင်း မရှိကြောင်း Defense News က ရေးသားဖော်ပြထားပါတယ်။
“ဝယ်ယူမယ့်အစီအစဉ်တွေနဲ့ ပို့ဆောင်ပေးနိုင်မယ့်အချိန်တွေဟာ တိတိကျကျပြောဖို့ ခက်ခဲနေသေးတဲ့အတွက် အခုလိုအဆင့်မှာ ပါကစ္စတန်က J-31/FC-31 ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူမှုကြောင့် ဖြစ်ပေါ်လာမယ့် အ ကျိုးသက်ရောက်မှုက ကြိုတင်ခန့်မှန်းဖို့ ခက်ခဲပါတယ်။” လို့ လန်ဒန် Royal United Services Institute က လေကြောင်းဆိုင်ရာအထူးကျွမ်းကျင်သူ ဂျပ်စတင်ဘရန့်ခ်က ပြောပါတယ်။
တပြိုင်တည်းမှာပဲ ပါကစ္စတန်လေသူရဲဟောင်းဖြစ်ပြီး စစ်ရေးလေ့လာဆန်းစစ်သူဖြစ်တဲ့ ကိုင်ဇာတပ်ဖေးလ်က ပါကစ္စတန်နိုင်ငံရဲ့ FC-31 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်ဝယ်ယူမယ်ဆိုတဲ့အစီအစဉ်ရဲ့ အားနည်းချက်တွေ ကို Defense News ကိုပြောပါတယ်။
“ပထမဦးဆုံးအချက်က ဂျက်တိုက်လေယာဉ်တွေအမျိုးအစား များပြားလွန်းနေတာဟာ လေ့ကျင့်သင်ကြားရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးတို့အတွက် အထောက်အကူမဖြစ်ပါဘူး။ ဒုတိယအချက်အနေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေး အ ခြေအနေက အတော်လေးနိမ့်ကျနေပြီး အသုံးစရိတ်တွေကို သိသိသာသာ လျှော့ချဖြတ်တောက်ထားဖို့ လိုအပ် နေပါတယ်။” လို့ တပ်ဖေးလ်က ပြောပါတယ်။
“ကိုယ်ပျောက်တိုက်လေယာဉ်လိုအပ်မှုကို စစ်မြေပြင်မှာ စစ်ဆင်ရေးတွေကို နည်းဗျူဟာမြောက်ထောက်ပံ့ဖို့အ တွက် အကောင်းဆုံးလက်နက်ဖြစ်တဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့ ဖြည့်ဆီးနိုင်ပါတယ်။” လို့ ၎င်းက ပြောပါ တယ်။
အနာဂတ်ကာလ လေယာဉ်ပူးတွဲထုတ်လုပ်မယ့်အစီအစဉ်ကို ၂၀၂၂ ခုနှစ်တုန်းက ပါကစ္စတန်အစိုးရပိုင် Aeronautical Complex နဲ့ တူူရကီအစိုးရပိုင် Turkish Aerospace Industries တို့က ကြေညာခဲ့ပါတယ်။
အဲဒီကြေညာချက်ဟာ နှစ်နိုင်ငံစလုံးမှာရှိနေတဲ့ အမေရိကန်လော့ဟိမာတင်ကုမ္ပဏီထုတ် လေယာဉ်တွေကို အ စားထိုးဖို့အတွက် ပဉ္စမမြောက်မျိုးဆက် TF-X ဂျက်တိုက်လေယာဉ်တွေကို ထုတ်လုပ်သွားမယ်လို့ မျှော်လင့် ထားကြပါတယ်။
အဲဒီစီမံချက်ဟာ ၂၀၄၇ ခုနှစ်မှာ ပဉ္စမမြောက်မျိုးဆက်ဂျက်တိုက်လေယာဉ်တွေအသုံးပြုနိုင်ဖို့ ပါကစ္စတန်နိုင်ငံ က ချမှတ်ထားတဲ့ရည်မှန်းချက်တွေနဲ့အညီ ဆောင်ရွက်တာဖြစ်တယ်လို့ဆိုပါတယ်။
တူရကီ Aerospace Industries ကတော့ ၎င်းတို့အနေနဲ့ TF-X ရှေ့ပြေးပုံစံကို ၂၀၂၃ ခုနှစ်မှာထုတ်လုပ်ပြီး ၂၀၂၆ ခုနှစ်မှာ ပထမဦးဆုံးစမ်းသပ်ပျံသန်းနိုင်အောင် ဆောင်ရွက်သွားဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။
Ref: Pakistan Air Force to Employ Chinese FC-31 Fighter Jets ‘In Near Future’
#PeopleMedia