ပါကစ္စတန်နဲ့ အိန္ဒိယကြား ကိုယ်ပျောက်လေယာဉ်ပြိုင်ဆိုင်မှု တရုတ်အရှိန်မြှင့်တင်
PUBLISHED - January 9, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၉
ပါကစ္စတန်နိုင်ငံက တရုတ်ထုတ် ပဉ္စမမျိုးဆက် FC-31 Gyrfalcon ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေဝယ် ယူမယ့်အစီအစဉ်ကြောင့် ပါကစ္စတန်-အိန္ဒိယ စစ်လက်နက်ပစ္စည်းပြိုင်ပွဲအရှိန် ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိတယ် လို့ စစ်ရေးဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။
ပါကစ္စတန်နိုင်ငံအနေနဲ့ F-60 ဒါမှမဟုတ် J-21 ခေါ် ဂျက်တိုက်လေယာဉ်တွေနဲ့ K-10C Firebird ဂျက်တိုက် လေယာဉ်တွေကိုလည်း ဝယ်ယူသွားဖို့ အစီအ စဉ်ရှိတယ်လို့ ပါကစ္စတန်လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇာဟီး ယားဘာဘားဆစ်ဒူးက ပြောကြားကြောင်း အခုလအတွင်းမှာပဲ The Defense News က ဖော်ပြထားပါတယ်။
ဈေးသက်သာတဲ့ တရုတ်ထုတ် FC-31/J-35 ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်တွေဟာ အမေရိကန်ထုတ် F-35 ဂျက်တိုက်လေယာဉ်၊ ဥရောပထုတ် စတုတ္ထမျိုးဆက် + ဂျက်တိုက်လေယာဉ်တွေနဲ့ နိုင်ငံတကာဈေးကွက် ထဲမှာ ယှဉ်ပြိုင်နေကြတယ်လို့ ဆိုပါတယ်။
ပါကစ္စတန်နိုင်ငံဟာ JF-17 ဂျက်တိုက်လေယာဉ်၊ J-10 ဂျက်တိုက်လေယာဉ်နဲ့ F-16 ဂျက်တိုက်လေယာဉ်တွေ ပိုင်ဆိုင်ထားပြီးဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံနဲ့ လေကြောင်းစစ်ဆင်ရေးဆင်နွှဲဖို့ လုံလောက်တဲ့အရည်အသွေးရှိ ပြီးသားဖြစ်လို့ အခုလို စီးပွားရေးကျဆင်းနေတဲ့အချိန်မှာ FC-31 ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူဖို့ လိုအပ်သ လားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။
ပါကစ္စတန်နိုင်ငံဟာ တရုတ်ထုတ်လေယာဉ်တွေကို ဝယ်ယူအသုံးပြုနေတဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မြောက်ကိုရီး ယားနဲ့ အာဖရိကနိုင်ငံအနည်းငယ်တို့လို အုပ်စုလေးထဲက တရုတ်ထုတ်ဂျက်တိုက်လေယာဉ်တွေကို ဝယ်ယူ အ သုံးပြုနေတဲ့ ထူးထူးခြားခြား နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
အိန္ဒိယလေတပ်က ပါကစ္စတန်နိုင်ငံ ဘာလာကော့ဒေသရှိ အကြမ်းဖက်သမားတွေရဲ့ လေ့ကျင့်ရေးစခန်းတစ်ခု ကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီးနောက် ပါကစ္စတန်လေတပ်ကို စွမ်းရည်မြှင့်တင်ဖို့အတွက် ပါကစ္စတန်နိုင်ငံ ဟာ တရုတ်ထုတ် J-10 ဘက်စုံသုံးဂျက်တိုက်လေယာဉ်တွေကို လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း ၂၀၂၂ ခုနှစ် မတ်လ အတွင်း Warzone မီဒီယာက ရေးသားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက ပြင်သစ် Dassault ကုမ္ပဏီထုတ် Rafale ဘက်စုံသုံးဂျက်တိုက်လေယာဉ်တွေ ဝယ်ယူခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်က J-10 ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူုခဲ့တာဖြစ်ကြောင်း Warzone မီဒီယာက ပြောပါတယ်။
ပါကစ္စတန်နဲ့ တရုတ်ဟာ JF-17 အပေါ့စားဂျက်တိုက်လေယာဉ်တွေကိုလည်း ပူးပေါင်းထုတ်လုပ်ခဲ့ပြီး နိုင်ငံတ ကာဈေးကွက်မှာ အရောင်းမြှင့်တင်ခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာ စတင်ပျံသန်းခဲ့တဲ့ JF-17 ဂျက်တိုက်လေယာဉ်တွေကို ပါကစ္စတန်၊ မြန်မာနဲ့ နိုင်ဂျီးရီးယားနိုင်ငံ တွေမှာ အသုံးပြုနေပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ တရုတ်ထုတ်လေယာဉ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လေတပ်ခေတ်မီတိုးတက်ရေးဆောင်ရွက်မှုတွေ ဟာ အိန္ဒိယနိုင်ငံကို တပ်လှန့်သတိပေးနှိုးဆော်နေပြီး ပြည်တွင်းထုတ်လေယာဉ်စီမံချက်ကို အရှိန်မြှင့်တင် ဆောင်ရွက်ဖို့ အိန္ဒိယအစိုးရကို တွန်းအားပေးနေပါတယ်။
အိန္ဒိယနိုင်ငံထုတ် LCA Mk2 ဂျက်တိုက်လေယာဉ်ရဲ့ ပထမဦးဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုကို ၂၀၂၅ ခုနှစ် ဝန်း ကျင်မှာ ဆောင်ရွက်သွားမှာဖြစ်သလို အပေါ့စားဂျက်တိုက်လေယာဉ်ဖြစ်တဲ့ Mark 1A (LCA Mk1A) ကို အခုနှစ် အတွင်းမှာ စတင် မိတ်ဆက်ဖို့ရှိကြောင်း Eurasian Times က ဆောင်းပါးတစ်ပုဒ်မှာဖော်ပြထားပါတယ်။
တပြိုင်တည်းမှာပဲ အိန္ဒိယပြည်တွင်းထုတ် ပဉ္စမမျိုးဆက် ဂျက်တိုက်လေယာဉ် (Advanced Medium Combat Aircraft – AMCA) ကို ၂၀၂၈-၂၀၂၉ ခုနှစ်ဝန်းကျင်မှာ မိတ်ဆက်သွားဖို့ စီစဉ်ထားပါတယ်။
အိန္ဒိယနိုင်ငံဟာ Su-57 ဂျက်တိုက်လေယာဉ် ဒါမှမဟုတ် Su-75 ဂျက်တိုက်လေယာဉ် စီမံချက်၊ ဒါမှမဟုတ် ဂျပန်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေရဲ့ ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်စီမံချက်တွေနဲ့အတူ ပူးပေါင်းရင်း ကြားကာ လ အစားထိုးမှုအနေနဲ့ အမေရိကန်ထုတ် F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေကို ဝယ်ယူသွားနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။
Ref: China fueling Pakistan-India stealth fighter race
#PeopleMedia