ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရပြီး တစ်ရက်အကြာမှာ နောက်ထပ် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံရ
PUBLISHED - February 1, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနဲ့ ဇနီးဖြစ်သူ ဘူရှရာခန်းတို့ကို နိုင်ငံတော်ပိုင်ပစ္စည်းတွေ တရားမဝင် ရောင်းချမှုနဲ့ ပါကစ္စတန်အဂတိလိုက်စားမှုတိုက်ဖျက်ရေးတရားရုံးတစ်ခုက ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချ မှတ် လိုက်ကြောင်း ဝန်ကြီးချုပ်ဟောင်းရဲ့ PTI ပါတီ (Pakistan Tehreek-e-Insaf) က ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီလ ၃၁ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို နိုင်ငံတော်လျှို့ဝှက်ချက်ဖော်ထုတ်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ် လိုက်ပြီးနောက် တစ်ရက်အကြာမှာ အခုလို နောက်ထပ်ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်တာဖြစ်ကြောင်း PTI ပါတီက ပြောပါတယ်။
ဒါပေမဲ့ ဘူရှရာဘီလီလို့လည်း သိထားကြတဲ့ ဘူရှရာခန်းကိုတော့ ခန်းရဲ့အစ္စလာမာဘတ်မြို့ တောင်ပေါ်မှာရှိတဲ့ အိမ်ကြီးမှာပဲ ပြစ်ဒဏ်ခံယူပြီး နေထိုင်ဖို့ အာဏာပိုင်တွေက ခွင့်ပြုထားကြောင်း ပါတီက အတည်ပြုပြောကြားခဲ့ပါ တယ်။ ခန်းဟာ ရာဝယ်လ်ပင်ဒီမြို့က အကျဉ်းထောင်တစ်ခုမှာ ရှိနေပြီးဖြစ်ပါတယ်။
ပါကစ္စတန်အစိုးရက ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ အချိန်မှာ အင်္ဂါနေ့ (ဇန်နဝါရီလ ၃၀ ရက်နေ့) က နိုင်ငံတော်လျှို့ဝှက်ချက်ဖော်ထုတ်မှုနဲ့ ခန်းကို ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ပြစ်ဒဏ်နှစ်ခုကို တပြိုင်တည်းကျခံရမှာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုပါတယ်။
“ကျွန်တော်တို့ တရားစီရင်ရေးစနစ်သမိုင်းမှာ ဖျက်သိမ်းရတော့မယ့် နောက်ထပ် ဝမ်းနည်းဖွယ်ရာနေ့တစ်နေ့ပါ ပဲ။” လို့ ခန်းရဲ့ မီဒီယာအဖွဲ့က ပြောပါတယ်။
“ခန်းက စွဲချက်တွေကို အကြိမ်ကြိမ်ငြင်းဆိုခဲ့ပါတယ်။ အပြန်အလှန် စစ်မေးခွင့်မပြုဘူး။ နောက်ဆုံး ငြင်းဆိုခွင့် မပြုဘူး။ ကြိုတင်ဆုံးဖြတ်ထားတဲ့အတိုင်း ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒီအဓိပ္ပာယ်မဲ့တဲ့ဆုံးဖြတ်ချက်ဟာ မေးခွန်း ထုတ်ခံရပါလိမ့်မယ်။ အင်မတန်ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ပါ။” လု့ိ ခန်းရဲ့ရှေ့နေ အင်တီဇာပန်ဂျူတာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ခန်းနဲ့ ဇနီးဖြစ်သူဟာ ခန်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၈-၂၀၂၂ ခုနှစ်အတွင်း “တိုရှာခါနာ” ခေါ် နိုင်ငံပိုင်အဆောက်အဦက ရူပီးငွေ သန်း ၁၄၀ (ဒေါ်လာ ၅၀၁၀၀၀) တန်ကြေးရှိ နိုင်ငံတော်ပိုင်ပစ္စည်းတွေ ရောင်းစားမှုနဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီတန်ဖိုးရှိပစ္စည်းတွေကို ခန်းရဲ့လက်ထောက်တွေက ဒူဘိုင်းမှာ သွားရောက်ရောင်းချခဲ့တာဖြစ်ကြောင်း အစိုးရအရာရှိတွေက ပြောပါတယ်။
အဲဒီအဖိုးတန်ပစ္စည်းတွေထဲမှာ တန်ဖိုးကြီးရေမွှေးတွေ၊ စိန်နဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေ၊ ညစာစားပွဲ မှာ အသုံးပြုတဲ့ပစ္စည်းတွေနဲ့ ဒေါ်လာ သုံးသိန်းဝန်းကျင်တန်ကြေးရှိတဲ့ ရိုးလက်စ်နာရီ ၆ လုံးအပါအဝင် နာရီ ၇ လုံး ပါဝင်ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ထုတ်ပြန်ကြေညာခဲ့တဲ့ စာရင်းမှာဖော်ပြထားပါတယ်။
ခန်းကို အလားတူပြစ်မှုနဲ့ တခြားတရားရုံးတစ်ရုံးကလည်း ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပေမဲ့ အဲဒီပြစ်ဒဏ်ကို အယူခံဝင်ထားတဲ့အတွက် ဆိုင်းငံ့ထားတယ်လို့ ဆိုပါတယ်။
Ref: Pakistan ex-PM Imran Khan jailed for 14 years a day after 10-year sentence
#PeopleMedia