ပါတီတွင်း ပုဂ္ဂိုလ်ရေးအဆင်မပြေမှုကစပြီး အထက်အောက်အမိန့်နာခံမှု အားနည်းလာတာတွေကို အဆုံးသတ် ပြီး ပါတီအောင်နိုင်ရေးအတွက် အထူးကြိုးစားကြရန် ဦးခင်ရီ တိုက်တွန်း
PUBLISHED - July 2, 2024
နေပြည်တော်၊ ဇူလိုင် ၂
ပါတီတွင်း ပုဂ္ဂိုလ်ရေး အဆင်မပြေမှုကစပြီး အထက်အောက်အမိန့်နာခံမှု အားနည်းလာတာတွေကို အဆုံး သတ်ပြီး ပါတီအောင်နိုင်ရေးအတွက် အထူးကြိုးစားကြရန် ဦးခင်ရီက တိုက်တွန်းပြောကြားလိုက်သည်။
ဇူလိုင်လ (၁)ရက်က နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် စည်းရုံးရေးဆိုင်ရာ ခေါင်းဆောင်မှုသင်တန်း အပတ်စဉ်(၂) အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ကြံ့ခိုင်ရေးပါတီဝင်များအနေဖြင့် ပါတီတွင်းပုဂ္ဂိုလ်ရေးအဆင်မပြေမှု၊ အချင်းချင်း မလေးစားမှု၊ ယင်းမှတစ်ဆင့် အဖွဲ့အစည်းတွေ အုပ်စုကွဲမှု၊ တရားမဝင်စီးပွါးရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု၊ အထောက်အပံ့တစ်စုံ တစ်ရာ မရလျှင် အလုပ်မလုပ်ကိုင်မှု၊ တွန်းအားပေးသလောက်သာရွေ့ပြီး ထိုးထွင်းကြံဆ လုပ်ကိုင်တတ်မှု အားနည်းလာမှု၊ အထက်အောက် အမိန့်နာခံမှု အားနည်းလာမှု စသည်များ ဖြစ်ပွါးလာခြင်းကို လက်ရှိအချိန်မှ စပြီး အဆုံးသတ်လိုက်ကာ ပါတီအောင်နိုင်ရေးအတွက် အထူးကြိုးစားဆောင်ရွက်သွားကြရန် ဦးခင်ရီက တိုက် တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ပါတီအားနည်းပြိုကွဲလာမှုများသည် အခြားပါတီဝင်များက ဆောင်ရွက်ခြင်းထက် မိမိပါတီဝင်များ ကြောင့်သာ ပြိုကွဲတတ်သည်ကို သတိပြုပြီး ဘယ်သူခွဲခွဲ ဒို့မကွဲတဲ့ စည်းလုံးညီညွတ်သည့် ပါတီဖြစ်အောင် ဦးစီးဦးဆောင်ပြုပြီး ဆောင်ရွက်ကြရန်လည်း ဦးခင်ရီက အလေးအနက်ထား ပြောကြားခဲ့သည်။
လာမည့် ၂၀၂၅ ခုနှစ်သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့်ကာလဖြစ်သည့်အတွက် လက်ရှိကာလသည် ရွေးကောက်ပွဲအကြိုကာလဖြစ်တာကြောင့် ပါတီဝင်များအနေဖြင့် ပါတီဝင်အသစ်များ စုဆောင်ကြရန်နှင့် စုဆောင်းရရှိသည့် ပါတီဝင်အသစ်များကိုလည်း ယုံကြည်ချက်၊ ခံယူချက်ပြည့်ဝသည့်ပါတီကို သစ္စာရှိတဲ့သူများအဖြစ် ပြုစုပျိုးထောင်ပေးကြရန် ဦးခင်ရီက ထပ်မံပြောကြားခဲ့သည်။
#PeopleMedia