ပိုလန်အတွက် F-35 လော့ဟိမာတင်ကုမ္ပဏီ ထုတ်ဖော်ပြသ
PUBLISHED - August 30, 2024
နိုင်ငံတကာ၊ သြဂုတ် ၃၀
ပိုလန်လေတပ်အတွက် ပထမဦးဆုံး F-35A Lightning II ဂျက်တိုက်လေယာဉ်ကို လော့ဟိမာတင်ကုမ္ပဏီက မကြာသေးခင်ကပဲ ထုတ်ဖော်ပြသလိုက်ပါတယ်။
ထုတ်ဖော်ပြသမှုအခမ်းအနားကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ကုမ္ပဏီအဆောက်အဦတစ်ခုမှာ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီအခမ်းအနားကို ပိုလန်ဒုတိယကာကွယ်ရေးဝန်ကြီးတွေဖြစ်တဲ့ ပါဝဲလ်ဘေဒါနဲ့ ဆက်ဇာရီ တွမ်ချက်တို့ တက်ရောက်ခဲ့ကြပါတယ်။
အခုလို အရေးကြီးတဲ့သမိုင်းမှတ်တိုင်ဟာ နေတိုးအဖွဲ့ဝင်နှစ်နိုင်ငံကြားက မဟာမိတ်ဆက်ဆံရေးကို မြှင့်တင် သွားမှာဖြစ်ကြောင်း လော့ဟိမာတင်ကုမ္ပဏီက ပြောပါတယ်။
အခု ဖော်ပြလိုက်တဲ့ ဂျက်တိုက်လေယာဉ်ပိုင်ဆိုင်မှုဟာ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေတဲ့ကြားမှာ နယ် စပ်ဒေသတွေကိုကာကွယ်ဖို့အတွက် ပိုလန်နိုင်ငံရဲ့ စွမ်းရည်ကိုလည်း မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။
“ပိုလန်နိုင်ငံရဲ့ အနာဂတ်ကို နှစ်ပေါင်းများစွာကာကွယ်သွားမယ့် မျိုးဆက်သစ် F-35 ဂျက်တိုက်လေယာဉ် မိတ် ဆက်ပွဲဖြစ်တဲ့ ဒီကနေ့ သမိုင်းအစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခဲ့ရတဲ့အတွက် ကျွန်တော့်အနေနဲ့ ဂုဏ်ယူမိပါ တယ်။” လို့ ပိုလန်လေတပ်က ဗိုလ်ချုပ်အီရာနိုနော်ဝပ်ခ်က ပြောပါတယ်။
၂၀၁၉ ခုနှစ်မှာ ပိုလန်အစိုးရဟာ အမေရိကန်ထံက ဒေါ်လာ ၄.၆ ဘီလျံ တန်ကြေးရှိ F-35 ဂျက်တိုက်လေယာဉ် ၃၂ စင်း မှာယူခဲ့ပါတယ်။
ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်ဖြစ်တဲ့ F-35A ဟာ အမေရိကန်လေတပ်ရဲ့ F-16 Fighting Falcon နဲ့ A-10 Thunderbolt တိုက်လေယာဉ်တွေကို အစားထိုးဖို့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
F-35A ဂျက်တိုက်လေယာဉ်မှာ ခေတ်အမီဆုံး ဆင်ဆာစနစ်တွေ၊ နည်းဗျူဟာသတင်းအချက်အလက်လင့်တွေ နဲ့ ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက တပ်မတော်တွေအတွက် စွမ်းအား ပြည့် ဂျက်တိုက်လေယာဉ်ဖြစ်တယ်လို့ ဆိုပါတယ်။
ပိုလန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုကို ကာကွယ်ဖို့အတွက် F-35A ဂျက်တိုက်လေယာဉ်ဟာ မရှိ မဖြစ်အရေးပါတဲ့လက်နက်ဖြစ်ကြောင်း လော့ဟိမာတင်ကုမ္ပဏီအရာရှိ ဂရူးအူလ်မာက ပြောပါတယ်။
ပိုလန်နိုင်ငံဟာ ရုရှား၊ ဘယ်လာရုစ်၊ ယူကရိန်းနိုင်ငံတို့နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော နိုင်ငံဖြစ်တဲ့အတွက် F-35A ဂျက်တိုက်လေယာဉ်သစ်တွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်လာမှာဖြစ် ကြောင်း ဒုတိယကာကွယ်ရေးဝန်ကြီး ဆက်ဇာရီတွမ်ချက်က ပြောပါတယ်။
“အဲဒီနယ်စပ်ဒေသတွေ ရှိမြဲအတိုင်း ဆက်လက်တည်ရှိနေဖို့အတွက် အကောင်းဆုံးပစ္စည်းတွေ၊ အကောင်းဆုံး စစ်လက်နက်တွေနဲ့ အကောင်းဆုံး မိတ်ဆွေတွေ ရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော့်ရဲ့ အမေရိကန်မိတ်ဆွေတွေ မကြာခဏပြောသလိုပဲ စစ်မှန်တဲ့မိတ်ဆွေဆိုတာ ကမ္ဘာပေါ်က တခြားနိုင်ငံတွေ ရှောင်ဖယ်ထွက်ပြေးသွားတဲ့အ ချိန်မှာ ရောက်လာတဲ့နိုင်ငံပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
လေယာဉ်တွေ ရောက်လာပြီဆိုတာနဲ့ ပိုလန်နိုင်ငံဟာ အရှေ့ဥရောပနိုင်ငံတွေထဲမှာ F-35A ဂျက်တိုက်လေ ယာဉ်တွေကို ပထမဦးဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာမှာပဲဖြစ်ပါတယ်။
Ref: Lockheed Rolls Out Poland’s First F-35 Fighter Jet
#PeopleMedia