ပိုလျှံရန်ပုံငွေများကို ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍတို့တွင်အသုံးပြုနိုင်ရေး ခွင့်ပြုပေးထားသဖြင့် အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း နစကဥက္ကဋ္ဌပြောကြား
PUBLISHED - March 26, 2024
နေပြည်တော်၊ မတ်လ ၂၆
ပိုလျှံရန်ပုံငွေများကို ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍတို့တွင် အသုံးပြုနိုင်ရေးခွင့်ပြုပေးထားသဖြင့် အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၄)ကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မကြာမီရက်ပိုင်းအတွင်း သတ်မှတ်ကာလပြည့်မည်ဖြစ်ပြီး ပိုလျှံ ရန်ပုံငွေများကို ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍတို့တွင် အသုံး ပြုနိုင်ရေးခွင့်ပြုပေးထားသဖြင့် အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲများပြီးမြောက်ပြီဖြစ်ပြီး ကျောင်းအားလပ်ရက် ကာလသို့ ရောက်ရှိပြီဖြစ်သဖြင့် လူငယ်၊ လူရွယ်များပိတ်ရက်ကာလကို အကျိုးရှိရှိ အသုံးချနိုင်စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အစီအစဉ်များ ချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း ပြောသည်။
လူငယ်နှင့်ပတ်သက်သည့် သင်တန်းများ၊ အမျိုးသားရေးစရိုက်လက္ခဏာ ကိုတိုးမြင့်လာစေပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေနိုင်မည့်သင်တန်းများ၊ လှုပ်ရှားမှုများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ လာမည့်ပညာသင်နှစ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအားလုံး စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေး မိမိတို့အနေဖြင့် ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။
စိုက်ပျိုးရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး စနစ်တကျစိုက်ပျိုးပြီး အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ သီးထပ်စွမ်းအားများ တိုးတက်စေရေးအတွက်လည်း ဆောင်ရွက်ရန်လိုကြောင်း၊ ပြီးခဲ့သည့်ကာလအတွင်း ဒေသအချို့၌ လက် နက်ကိုင်အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးထုတ်လုပ်မှုများထိခိုက်ခဲ့ရပြီး ဒေသကုန်ထုတ်လုပ်မှုများကို ထိခိုက်စေခဲ့ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဒေသအလိုက် ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောသည်။
မွေးမြူရေးနှင့်ပတ်သက်၍လည်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လျော့နည်းကျဆင်းလာသည်ကို တွေ့ရသဖြင့် ပြန်လည်တိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မှ သာ စက်မှုလုပ်ငန်းများနှင့် MSME လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမကဘဲ ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်သည့် အရည်အသွေးပြည့်မီသော အဆင့်မီထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ အားပေးအပ်ထားသည့် တာဝန်များ ကိုကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောကြားသည်။
#PeopleMedia