ပီတာလင်းဂျားရင်းနတ် Move Forward ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်
PUBLISHED - September 15, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၅
Move Forward ပါတီခေါင်းဆောင် ပီတာလင်းဂျားရင်းနတ်ဟာ လွှတ်တော်တွင်း အတိုက်အခံအဖွဲ့ခေါင်းဆောင် တစ်ဦးအဖြစ် နောက်ထပ်တစ်ဦးကို အစားထိုးရွေးချယ်နိုင်ဖို့အတွက် ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်ဖို့ ဆုံး ဖြတ်လိုက်ပါတယ်။
Move Forward ပါတီရဲ့ ပါတီစီမံခန့်ခွဲရေးဘုတ်အဖွဲ့၊ လွှတ်တော်အမတ်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးနောက်မှာ အ ခုလို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပီတာက ၎င်းရဲ့ Facebook စာမျက်နှာမှာ စက်တင်ဘာလ ၁၅ ရက်နေ့ (သော ကြာနေ့) က ရေးသားခဲ့ပါတယ်။
အစိုးရသစ်အဖွဲ့ရဲ့မူဝါဒကို လွှတ်တော်ထဲမှာတင်ပြပြီးနောက် ဝန်ကြီးချုပ်သစ်နဲ့ အစိုးရအဖွဲ့ဟာ ၎င်းတို့ရဲ့လုပ် ငန်းတာဝန်တွေကို တရားဝင်စတင်ထမ်းဆောင်ချိန်မှာ အခုလိုပီတာရဲ့ ပါတီခေါင်းဆောင်အဖြစ်ကနုတ်ထွက်တဲ့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။
“ကျွန်တော်ဟာ လက်ရှိအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရဲ့အမိန့်နဲ့ တာဝန်က ခေတ္တဆိုင်းငံ့ထားခံရတဲ့ သူဖြစ်ပါတယ်။ အဲဒီအမိန့်ကြောင့် လာမယ့်အချိန်အတွင်းမှာ အတိုက်အခံအဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက် လို့မရပါဘူး။ ဒါ့ကြောင့် လွှတ်တော်ထဲမှာ Move Forward ပါတီ အလုပ်အလုပ်နိုင်အောင် ကျွန်တော်နုတ်ထွက် ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ကျွန်တော့်နေရာကို အစားထိုးဝင်ရောက်မယ့်ခေါင်းဆောင်ကို ပါတီက ဆက် လက်တင်မြှောက်သွားမှာဖြစ်ပါတယ်။” လို့ ပီတာက ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်ထဲမှာ အောက်လွှတ်တော်အတိုက်အခံခေါင်းဆောင်ဟာ အတိုက်အခံလွှတ် တော်အမတ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတစ်ခုကို ဦးဆောင်နေတဲ့ လွှတ်တော်အမတ်ဖြစ်ရမယ်၊ အဲဒီအတိုက်အခံလွှတ်တော်အမတ်တွေကလည်း အစိုးရအဖွဲ့ဝင်ဝန်ကြီး၊ အောက်လွှတ်တော်ဥက္ကဋ္ဌ ဒါမှမဟုတ် ဒုတိယလွှတ်တော်ဥက္ကဋ္ဌ မဖြစ်ရဘူးလို့ ပါရှိပါတယ်။
လွှတ်တော်ထဲမှာ တခြားပါတီတွေထက် လွှတ်တော်အမတ်ဦးရေ ပိုမိုများပြားတဲ့ Move Forward ပါတီခေါင်း ဆောင်ပီတာဟာ ၎င်းရဲ့အရည်အချင်းတွေနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကစစ်ဆေးနေပြီး ၎င်း ကိုလက်ရှိအချိန်မှာ လွှတ်တော်အမတ်တာဝန်ထမ်းဆောင်ခွင့်တွေ ဆိုင်းငံ့ထားတဲ့အတွက် လွှတ်တော်ထဲမှာ အ တိုက်အခံပါတီခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့် မရတော့ပါဘူး။
ဒါ့ကြောင့် ပီတာရဲ့နုတ်ထွက်ခွင့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေလိုအပ်ချက်အရ နောက်ထပ်အတိုက်အခံခေါင်း ဆောင်သစ်တစ်ဦးရွေးချယ်ဖို့ လမ်းခင်းပေးလိုက်တာဖြစ်ပါတယ်။ သူ့အခြေအနေဘယ်လိုပဲဖြစ်နေဖြစ်နေ Move Forward ပါတီနဲ့ ဆက်လက်လက်တွဲအလုပ်လုပ်ကိုင်လိုကြောင်း ပီတာက ပြောပါတယ်။
ပါတီထောက်ခံသူတွေလိုချင်နေတဲ့ အပြောင်းအလဲတွေရရှိအောင် ၎င်းအနေနဲ့ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပီတာက ပြောပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့မှာ အမျိုးသားအားကစားရုံမှာ ပါတီဝင်အားလုံး တွေ့ဆုံကြဖို့ ၎င်းကဖိတ်ခေါ်ထား ပါတယ်။
Ref: Move Forward party leader quits
#PeopleMedia