ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ တမံများ၊ ရေကန်များကို စနစ်တကျဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် နစကဥက္ကဋ္ဌမှာကြား
PUBLISHED - September 17, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၇
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ တမံများ၊ ရေကန်များကို စနစ်တကျဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်း ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်မှုမရှိစေရေး ရှေးဟောင်းကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများလိုက်ပါ၍ မြကန်ရေလှောင်တမံ၊ ဇေယျဝတီ(ဇယဝေရီ)ကန် နှင့် မင်္ဂလာကန်အမှတ် (၃) (မွန်းတိမ်းကန်)တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များကို မှာကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရေလှောင်တမံများ၊ ရေကန်များရှိ ရေထိန်းတမံ ဧရိယာများအတွင်း ရေထိန်းတမံထိန်း သစ်ပင်များစိုက်ပျိုးထားရန်လိုကြောင်း၊ ကန်များအနီးပတ်ဝန်းကျင်တွင် စိုက်ပျိုးသီးနှံ စိုက်ပျိုးခြင်းများဆောင်ရွက်မှုကြောင့် ရေကန်အတွင်းသို့ ရေဝင်ရောက်မှုလျော့နည်းနိုင်သည့် အတွက် သီးနှံစိုက်ပျိုးမှုများကို သတ်မှတ်အကွာအဝေးတွင်သာရှိစေရေး စည်းကမ်းများ၊ ဥပဒေများနှင့်အညီ တားမြစ်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ယခု ရေကန်များအတွင်း ယခုကဲ့သို့ ရေများစုဆောင်းထားရှိနိုင်သည့် အတွက် သုံးရေအတွက် အထောက်အကူပြုစေနိုင်မည်ဖြစ်သကဲ့သို့ ပုဂံဒေသစိမ်းလန်းစိုပြေရေးအတွက်လည်း အကျိုးရှိစေနိုင်မည်ဖြစ်သဖြင့် တမံများ၊ ရေကန်များကို စနစ်တကျဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် မှာကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် စက်တင်ဘာ ၁၅ ရက်နေ့တွင် တာဝန်ရှိသူများ လိုက်ပါပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်၍ ရှေးဟောင်းသမိုင်းဝင်စေတီတော်မြတ်ကြီးများ ရေရှည်တည်တံ့ခိုင်မြဲစေရေး ပြုပြင်ထိန်းသိမ်းလျက်ရှိမှုအခြေအနေများနှင့် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့စဉ် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
#PeopleMedia