ပုဂံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းအဆောက်အအုံနှင့် စေတီတချို့ ထိခိုက်ပျက်စီး
PUBLISHED - September 13, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၃
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်ယဉ်ကျေးမှုနယ်မြေတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းအဆောက်အအုံနှင့် စေတီတချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။
အနည်းငယ်ထိခိုက်ပျက်စီးမှုရှိခဲ့သည့် ရှေးဟောင်းအဆောက်အအုံများမှာ ဘုရားအမှတ်-၁ ရွှေစည်းခုံဘုရား တောင်ဘက်စောင်းတန်း၊ ခြင်္သေ့ရုပ်မြောက်ဘက်ကပ်လျက် အုတ်တံတိုင်းအနည်းငယ်ပဲ့ကျခြင်း၊ ဘုရားအမှတ်-၁၅၉၇ သဗ္ဗညုဘုရား မြောက်ဘက်တံတိုင်းမုခ် အနောက်ဘက်ခြမ်းအုတ်များပဲ့ကျခြင်း၊ ဘုရားအမှတ်-၁၈၁၂ ထီးလိုမင်းလိုဘုရား၊ မဟာရံတံတိုင်းမြောက်ဘက် ချဉ်မိတ်တိုး၊ အရှေ့ဘက်အဝင်မုခ် အနည်းငယ်ပဲ့ကျခြင်း၊ ဘုရားအမှတ်- ၁၈၂ (ငှက်ပစ်တောင်အစု) ရင်ပြင် အုတ်ခုံပဲ့ကျခြင်း၊ ဘုရားအမှတ်-၁၆၇(ငှက်ပစ်တောင်အစု) ဓမ္မစေတီဘုရား ပစ္စယံအောက်ပိုင်းပဲ့ကျခြင်း၊ ဘုရားအမှတ်- ၁၀၄၂ ဆင်က အုတ်တိုက် နံရံနှစ်ဘက် ပေါင်းကူး အမိုးပြိုကျခြင်း၊ ဆင်ဖြူရှင်ရေကန် မြောက်ဘက်ခြမ်းရေကန်ပဲ့ကျခြင်း၊ ဘုရားအမှတ် -၇၁၁ လက်ပွတ်ကန် ဘုရား ဘုရားရင်ပြင်ခုံ အရှေ့ဘက်ခြမ်းအုတ်များပဲ့ကျခြင်း၊ တံတိုင်းအတွင်းဘက် မြောက်ဘက်ခြမ်း အုတ် အနည်းငယ်ပဲ့ကျခြင်း၊ အရှေ့ဘက်တံတိုင်းအုတ်များပဲ့ကျခြင်းနှင့် ဘုရားအမှတ်-၃၄၅ ဘုရား အနောက် တောင်ထောင့်နှင့် အနောက်ဘက် အောက်ခြေခုံပဲ့ကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် ရှေးဟောင်းအဆောက်အအုံများကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများက စောင့်ကြည့်ကာ ရှေးမူမပျက် ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia