ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာ လှေနစ်မြုပ်မူအလောင်း ၁၇ လောင်းတွေ့ရှိ
PUBLISHED - October 24, 2024
နေပြည်တော်၊ အောက်တိုဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျောက္ကာကျေးရွာအနီးရှိ ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သည့် စက်လှေမှ သေဆုံးသူ အလောင်း ၁၇ လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံပရဟိတအသင်းများမှ သိရသည်။
ပျောက်ဆုံးသူများထဲမှ အောက်တိုဘာ ၂၁ ရက်တွင် အလောင်း ၈ လောင်းကိုတွေ့ရှိခဲ့ပြီး၊ အောက်တိုဘာလ ၂၂ ရက်တွင် အလောင်း ၉ လောင်း ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စက်လှေတိမ်းမှောက်မှုကြောင့် အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်သူ စုစုပေါင်း ၇၀ ကျော်ရှိပြီး ပျောက်ဆုံးနေသူများ ရှိနေဆဲဖြစ်ကြောင်း၊ နစ်မြုပ်သွားသည့် စက်လှေကိုလည်း ရှာဖွေမတွေ့ရှိသေးကြောင်း သိရသည်။
“မုန်တိုင်းရှိနေတော့ ရှာဖွေမှုတွေကို မနေ့ကစပြီး ရပ်ထားလိုက်တယ်။ နှစ်ရက်ကို ၁၇ လောင်း ပြန်တွေ့ တာပေါ့။” ဟု ဒေသပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အောက်တိုဘာလ ၂၀ ရက် ည ၉ နာရီအချိန်က ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီးရှိ ပင်လယ်အတွင်း ခရီးသည်များလိုက်လာသည့် စက်လှေတစ်စီး တိမ်မှောက်ခဲ့ခြင်းဖြစ်သည်။
ပုလောမြို့နယ်၊ ကျောက္ကာရွာ လှေနှစ်မြုပ်မှူ၌ သွားရောက်ကူညီကယ်ဆယ်ကြပါသော Myeik Ambulance Group အဖွဲ့များ၊ ရှင်သန်ခြင်းပရဟိတအသင်း-မြိတ်အဖွဲ့တို့သည် ယမန်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ဘောတံတားသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
#PeopleMedia