ပုလဲမြို့ကို လာတိုက်တဲ့ စစ်သွေးကြွ ပုလဲနဂါးနှင့် အဖွဲ့ စုပေါင်းရုံးက ပြန်ဆုတ်ပြီး အထက်တန်းကျောင်းမှာ စုဖွဲ့နေ
PUBLISHED - November 14, 2024
နေပြည်တော်၊ နိုဝင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ကို လာတိုက်သည့် စစ်သွေးကြွ ပုလဲနဂါးအဖွဲ့ အထိအခိုက် အကျအဆုံး များသဖြင့် စုပေါင်းရုံးမှ ပြန်ဆုတ်ပြီး ပုလဲမြို့ အထက်တန်းကျောင်းတွင် စုဖွဲ့နေကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာလ (၁၄)ရက် နံနက်ပိုင်းက တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် ပုလဲမြို့ စုပေါင်းရုံးကို တိုက်ခိုက်နေသည့် စစ်သွေးကြွ ပုလဲနဂါးအဖွဲ့သည် အထိအခိုက်အကျအဆုံးများပြားသဖြင့် စစ်သွေးကြွများ၏ အလောင်းများကို ကောက်ကာ အထက်တန်းကျောင်း၏ တောင်ဘက်တွင် စုဖွဲ့နေကြောင်း ဒေသခံတစ်ဦးကပြောသည်။
စစ်သွေးကြွ ပုလဲနဂါးအဖွဲ့အနေဖြင့် သေဆုံးသွားသည့် စစ်သွေးကြွအဖွဲ့ဝင်များ၏ အလောင်းများအား ပုလဲမြို့ရှိ နေအိမ်များပေါ်သို့ တင်ကာ နေအိမ်များကို မီးရှို့နေကြောင်း သိရသည်။
ယင်းအပြင် စစ်သွေးကြွ ပုလဲနဂါးအဖွဲ့အား အင်အားထပ်မံဖြည့်တင်းရန်အတွက် ပုလဲမြို့နယ် မင်းတိုင်ပင် ကျေးရွာဘက်မှ စစ်သွေးကြွအဖွဲ့ဝင်များ ထပ်မံရောက်ရှိလာနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ယင်းအတွက်ကြောင့် ပုလဲမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေယာဉ်ပစ်ကူများ၊ ခဲယမ်းများနှင့် စစ်ကူများ အမြန်ဆုံး ထောက်ပံ့ပေးရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက တောင်းဆိုနေကြသည်။
#PeopleMedia