• Follow Us on
Latest News

Home ပုလဲမြို့နယ် အင်မထီးပြည်သူ့စစ်ကျေးရွာတွင် ရိက္ခာပြတ်လပ်နေ၊ အမြန်ဆုံး ပို့ဆောင်ပေးရန် ဒေသခံများ တောင်းဆို

ပုလဲမြို့နယ် အင်မထီးပြည်သူ့စစ်ကျေးရွာတွင် ရိက္ခာပြတ်လပ်နေ၊ အမြန်ဆုံး ပို့ဆောင်ပေးရန် ဒေသခံများ တောင်းဆို

Share this post

နေပြည်တော်၊ မတ် ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်းဘေးရှိ အင်မထီးပြည်သူ့စစ်ကျေးရွာတွင် ရိက္ခာပြတ်လပ်နေသဖြင့် အမြန်ဆုံးပို့ဆောင်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

 

“ရိက္ခာက အတော်လေးပြတ်နေပြီ မြေပြင်မှာ ထိန်းချုပ်ရတာ မလွယ်တော့ဘူး။ အခြေအနေက စားဖို့ရာကို အဆင်မပြေတော့တာ။ စားနပ်ရိက္ခာအကုန်ပြတ်တော့ ရွာမှာ ထိန်းသိမ်းရ အတော်ခက်နေတာ။ အဓိက ဆား၊ ငပိ ရှိရင်ကို ရွာသူရွာသားတွေက သစ်သီး၊ သစ်ရွက်နဲ့စားမယ်။ ဆား၊ငပိကို မရှိဘူးဖြစ်နေတာ။ ဆန်ကလည်း မရှိဘူး။ မရှိပေမယ့် ကျွန်တော်က ဆန်က ပဲလေးဘာလေးနဲ့ ရောပြီး စားလို့ရတယ်။ အဓိက လိုအပ်နေတာ ဆား၊ ငပိ၊ ဆီပေါ့။ အဲဒါရှိရင် ကျွန်တော်တို့ သစ်သီး၊ သစ်ရွက် နောက်ဆုံး ဆန်မရှိဦးတော့ သစ်သီး၊ သစ်ရွက် ခူးစားလို့ရတယ်” ဟု အင်းမထီးကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

 

ယင်းအပြင် ရိက္ခာများ ပြတ်တောက်နေသဖြင့် ကျောင်းသားများအတွက် နွေရာသီတွင် ဖွင့်လှစ်သည့် ကျူရှင်ကိုပါ ပိတ်ထားရကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

 

“ရိက္ခာပြတ်တာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၂၀)ကျော်လောက်တည်းက ပြတ်တာ။ တစ်လလောက်ရှိပြီ။ နွေရာသီလည်း ကလေးတွေ ကျူရှင်ဖွင့်တာတောင် စားဝတ်နေရေး အဆင်မပြေလို့ ပြန်ပိတ်ထားရတယ်။ ရိက္ခာ နောက်ဆုံးလာပို့တာ ပြီးခဲ့တဲ့ ဇန်နဝါရီလောက်က ဖြစ်တယ်။ တစ်ရွာလုံးစာမဟုတ်ဘဲ တပ်၊ ရဲ၊ ပြည်သူ့စစ် အဲအတွက်ပဲ လာပို့တာ။ အဲဒါကို တစ်ရွာလုံး မျှပြီး စားရတာပေါ့” ဟု ပြောသည်။

 

ယင်းနောက်တွင် အင်မထီးကျေးရွာကို PDF အဖွဲ့ဝင်များက ဝန်းရံပိတ်ဆို့ထားသဖြင့် အပြင်ထွက်ရန် မလွယ်ကြောင်း ဒေသခံတစ်ဦးက ဆက်လက်ပြောပြသည်။

 

“လမ်းက ဘယ်မှထွက်မရဘူး။ ကျွန်တော်တို့ထွက်ဖို့ရာ ဝယ်ထားတာတွေရှိတယ်။ သွားယူတာကို PDF တွေက ထိပ်ကနေ ပိတ်ထားလို့ ကျွန်တော်တို့ နောက်ပြန်ဆုတ်ခဲ့ရတာ။ PDF တွေက လာမတိုက်တော့ဘူး။ ဘေးမှာ ကျွန်တော်တို့ အထွက်ကိုပဲ ပတ်ချာလည် စောင့်နေတာ။ ကျွန်တော်တို့ အငတ်အပြတ်ကို စောင့်နေတာ သူတို့က။ ကျွန်တော်တို့ ထွက်ရမယ် ဆိုရင်လည်း လက်နက်ခဲယမ်းက မပြည့်စုံဘူး။ ကာဘိုင် တွဲဘို့ ဆိုတော့ ယှဉ်ဖို့ရာ အဆင်မပြေဘူး။ လက်နက်ခဲယမ်း လဲဖို့ရာ ကျွန်တော်တို့ တင်ပြထားတာ အခုထိ မလဲပေးသေးဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။

 

#PeopleMedia


Share this post