• Follow Us on
Latest News

Home ပူတာအိုတွင် ဓာတ်ဆီရှားပါးမှုအား အသုံးချကာ မသမာသည့်နည်းလမ်းဖြင့် ကိုယ်ကျိုးရှာသူ များပြားလာ

ပူတာအိုတွင် ဓာတ်ဆီရှားပါးမှုအား အသုံးချကာ မသမာသည့်နည်းလမ်းဖြင့် ကိုယ်ကျိုးရှာသူ များပြားလာ

Share this post

မြစ်ကြီးနား၊ မေ ၆

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဓာတ်ဆီရှားပါးမှုအား အသုံးချပြီး မသမာသည့်နည်းလမ်းဖြင့် ကိုယ်ကျိုးရှာသူ များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

 

ပူတာအိုမြို့တွင် လက်ရှိဓာတ်ဆီတစ်လီဝာာ ကျပ် (၅၀၀၀၀) ထိဈေးရှိပြီး၊ တစ်ပေပါလျှင် ကျပ်သိန်း (၅၀) အထိ ရှိကာ၊ အချို့သောသူများမှာ မသမာသည့်နည်းလမ်းဖြင့် ဓာတ်ဆီနှင့် ရေရောခြင်း၊ ဓာတ်ဆီနှင့် ဒီဇယ်ရောကာ ဓာတ်ဆီတစ်လီတာလျှင် ပုံမှန်ဈေးထက် ဈေးနှိမ့်၍ ရောင်းဝယ်နေသည့်အတွက် သုံးစွဲသူပြည်သူများ ဆိုင်ကယ် များပျက်စီးခြင်း အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

 

“အခု ဓာတ်ဆီရှားပါးတာကိုအခွင့်ကောင်းယူပြီး လုပ်စားလာကြတာတွေ ရှိတယ်။ စနေနေ့မှာ ဓာတ်ဆီတစ်လုံး ကို လေးသောင်းပဲ ရှိသေးတာ။ မနေ့ကစပြီး ငါးသောင်းထိ တက်သွားတယ်။ တစ်ချို့ ဓာတ်ဆီရောင်းတဲ့သူတွေ က ငါး သောင်းထိ ဈေးတင်မရောင်းပဲ လေးသောင်းနဲ့ ရောင်းကြတာ။ အဲ့လိုရောင်းတဲ့သူတွေက ဓာတ်ဆီနဲ့ ရေရောတယ်။ ဒီဇယ်နဲ့လည်းရောပြီး ရောင်းကြတော့ ဒုက္ခထဲက ဒုက္ခပြန်ခံကြရတယ်။ ဆိုင်ကယ်ကပျက်ရင် အခုလက်ရှိ ပြင်ရတာက မလွယ်ဘူး ” ဟု ၎င်းမှဆိုသည်။

 

၎င်းအပြင် မေလ ၄ ရက်နေ့တွင် မိသားစုအရေးပေါ်ကိစ္စ ရှိလာသည့်အတွက် ကောက်ကထောင်မှ မြို့မ ရပ်ကွက်သို့ဆိုင်ကယ်ဖြင့်သွားချိန် ဓာတ်ဆီတစ်လီတာ ကျပ်လေးသောင်းဖြင့်ဝယ်ပြီး သွားခဲ့ရာ လမ်းတစ်ဝက် တွင် ဆိုင်ကယ်ထိုးရပ်ကာ နိုးမရသည့်အတွက် ဝပ်ရှော့သွားပြခဲ့ရာ ဆီတိုင်ကီတွင် ရေများဖြစ်နေကြောင်း ဆိုင်ကယ်သမားထံမှ သိရသည်။

 

“၄ ရက်နေ့က အရေးပေါ်ကိစ္စရှိလို့ သွားလိုက်တာ။ တော်ရုံဆို အပြင်မထွက်နိုင်ဘူး။ ဆီဖိုးမတတ်နိုင်လို့။ မသွားလည်းမရတော့ ရှိတာလေးနဲ့ ဆီထည့်ပြီးသွားလိုက်တာ။ လမ်းတစ်ဝက်မှာ ဆိုင်ကယ်က ရပ်သွားတယ်။ နှိုးလို့လည်း မရတော့ဘူး။ ဝပ်ရှော့ပြကြည့်တော့မှ ဓာတ်ဆီနဲ့ ရေရောထားတာကို သိရတယ်။ တစ်ခြားသူတွေ လည်း အဲ့လိုခံရတာရှိတယ်။ တစ်ချို့က ဒီဇယ်နဲ့ရောတာ။ အဲ့တာကြောင့် ဆိုင်ကယ်ပျက်တာတွေ တော်တော် များများ ရှိကြတယ် ” ဟု ၎င်းမှပြောသည်။

 

ပူတာအိုမြို့တွင် ဓာတ်ဆီဈေးနှုန်း၊ ကုန်ဈေးနှုန်းများ မြင့်တက်နေရခြင်းမှာ မြစ်ကြီးနား-ပူတာအိုသွား လမ်းပိုင်း အား နှစ်လကျော်အထိ ပိတ်ထားဆဲဖြစ်ပြီး၊ ယနေ့အထိ ဖွင့်လှစ်ပေးခြင်း မရှိသေးသည့်အတွက် ပူတာအိုဒေသ ခံများ ဆင်းရဲဒုက္ခများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

 

အလင်း

 

#PeopleMedia


Share this post