ပူတာအိုမြို့တွင် ဖုန်းလိုင်းများ တစ်ပတ်ကျော်ပြတ်တောက်ခဲ့ရာမှ Atom ဖုန်းလိုင်း ပြန်လည်ရရှိ

PUBLISHED - June 12, 2024
မြစ်ကြီးနား၊ ဇွန် ၁၂
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဖုန်းလိုင်းများ တစ်ပတ်ကျော်ပြတ်တောက်ခဲ့ရာမှ Atom ဖုန်းလိုင်းအား ဇွန်လ ၁၁ ရက်နေ့၊ နေ့လည်ပိုင်းအချိန်တွင် ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
မေလကုန်ပိုင်းမှစတင်ပြီး ပူတာအိုမြို့တွင် Atom၊ Mytel၊ Ooredoo၊ MPT အစရှိသည့်ဖုန်းလိုင်းများ ပြတ် တောက်ခဲ့ပြီး၊ ဒေသခံပြည်သူအချို့မှာ CDMA လိုင်းနှင့် WiFi လိုင်းများဖြင့်သုံးစွဲခဲ့ရာ ဇွန်လ ၁၁ ရက်နေ့တွင် Atom လိုင်းဖြင့် ဖုန်းလိုင်းကို ပြန်လည်အသုံးပြု၍ရခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
“Atom ဖုန်းလိုင်းတော့ မနေ့ကနေ့လည်ပိုင်းမှာ ပြန်ပေါ်လာတယ်။ ဒါပေမယ့် ဖုန်းခေါ်လို့ပဲရတယ်။ လိုင်းသုံးလို့ မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီလိုဖုန်းခေါ်လို့ရတာပဲ ပျော်ရပါတယ်။ ဘာလို့လဲဆိုရင် မိသားစုတွေ အသိုင်း အဝိုင်းတွေနဲ့အဆက်အသွယ်ဖြတ်ပြီး နေရတာမျိုးကိုမလိုလားဘူး။ ထပ်ပြီး လိုင်းမပြတ်သွားဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။
ပူတာအိုမြို့တွင် MPT၊ Atom၊ Mytel၊ Ooredoo၊ CDMA စသည့်ဖုန်းလိုင်းများရရှိ အသုံးပြုနေကြသော်လည်း လက်ရှိတွင် ဖုန်းခေါ်ဆိုရန် အဆင်ပြေသည့်ဖုန်းလိုင်းမှာ CDMA တစ်ခုသာရှိပြီး၊ Atom ဖုန်းလိုင်း ပြန်လည် ရရှိသော်လည်း ပူတာအိုမြို့အတွင်း စက်သုံးဆီများ ပို့ဆောင်ခွင့် မရရှိသေးသည့်အတွက် ဖုန်းလိုင်းများ လည်ပတ်အသုံးပြုနိုင်ရန် မသေချာသေးသည့် အခြေအနေရှိနေကြောင်း သိရသည်။
မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းအား သုံးလနီးပါးပိတ်ထားခဲ့ရာ ဇွန်လ ၁၀ ရက်နေ့တွင် ကုန်ကားအကန့်အသတ် ဖြင့် ပူတာအိုမြို့သို့ ရောက်ရှိခဲ့သော်လည်း စားသောက်ကုန်များသာ သယ်ဆောင်ခွင့်ရသည့်အတွက် စက်သုံး ဆီများကိုလည်း သယ်ယူခွင့်ရရှိစေရန် ဒေသခံပြည်သူများက လိုလားနေကြသည်။
အလင်း
#PeopleMedia