ပူတာအိုမြို့တွင် အမည်မသိရောဂါကြောင့် ကျွဲ၊ နွားများ အများအပြား သေဆုံး
PUBLISHED - August 8, 2023
မြစ်ကြီးနား၊ ဩဂုတ် ၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်ရှိ ဆွမ်ပီယာန်ကျေးရွာနှင့် ဆွမ်ဘရာဘွမ်မြို့ကြားတွင် အမည် မသိ ရောဂါတစ်မျိုးကြောင့် ကျွဲ၊ နွားများ အကောင်ရေ ၆၀ ခန့်ထက်မနည်း သေဆုံးနေပြီဖြစ်ကြောင်း ဒေသခံ များထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ လကုန်ပိုင်းမှ စတင်ပြီး ဩဂုတ်လ အစောပိုင်းအတွင်း ကျွဲ၊နွားများမှာ အမည်မသိ ရောဂါ တစ်မျိုးကြောင့် ဆွမ်ပီယာန်ကျေးရွာနှင့် ဆွမ်ဘရာဘွမ်မြို့ကြားရှိ လမ်းပိုင်းနေရာများတွင် သေဆုံးမှုများရှိခဲ့ပြီး၊ လက်ရှိအချိန်တွင်လည်း ထပ်မံသေဆုံးမှုများရှိနေကြောင်း ပြည်သူတစ်ဦးက ပြောသည်။
“ကျွဲ၊ နွားတွေ သေနေတာက ဇူလိုင်လကတည်းက ဟုတ်တယ်။ ဒီလအတွင်းမှာလည်း ပြန်သေနေတာကို တွေ့ရတယ်။ ဘာလို့သေတာလဲဆိုတာတော့ ကျွန်တော်တို့ကမသိဘူး။ သေနေတဲ့အကောင်တွေမှာတော့ အဖုလေးတွေ၊ အနာလိုလိုလေးတွေရှိတယ်။ အခုဆိုသေတာ အကောင်ရေ ၆၀ တောင် ကျော်နေပြီထင်တယ်။ လမ်းဘေးတွေ၊ ရေအိုင်လိုမြောင်းတွေမှာသေနေတာ တွေ့ရတယ်” ၎င်းကဆိုသည်။
အဆိုပါ သေဆုံးနေသည့် ကျွဲ၊ နွားအချို့မှာ အင်စီယာန်ချောင်းတစ်လျှောက်တွင် မျောပါသွားသည့် အကောင် များလည်းရှိသည့်အတွက် ပြည်သူများ ချောင်းရေသုံးစွဲရန် အခက်အခဲများရှိပြီး၊ သေဆုံးနေသည့် ကျွဲ၊ နွားများ၏ ပုတ်သိုးနေသည့် အနံ့များကြောင့်လည်း ပတ်ဝန်းကျင်ညစ်ညမ်းမှုများရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဇွန်လပိုင်းတွင်လည်း ပူတာအိုမြို့နယ်များတွင် ကျွဲ၊ နွားများ အရေပြားရောဂါတစ်မျိုးကြောင့် အကောင်ရေ ၂၀၀ ကျော်အထိ သေဆုံးခဲ့ကြောင်း သိရသည်။
သံလွင်(EPN)
#PeopleMedia