ပူတာအိုမြို့နယ်အတွင်း ရွှေတူးဖော်နေမှုများကို သက်ဆိုင်ရာဌာနများ ပူးပေါင်းဖမ်းဆီးမည်
PUBLISHED - February 23, 2023
ပူတာအို၊ ဖေဖော်ဝါရီ၂၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်၊ အင်လွယ်ယန်ကျေးရွာအောက်ပိုင်းဒေသတို့တွင် တရားမဝင် ရွှေတူးဖော်မှုများပြုလုပ်နေသည်ကို သက်ဆိုင်ရာအစိုးရ ဌာနများ ပူးပေါင်းပြီး တားဆီးဖမ်းဆီးသွားမည် ဖြစ် ကြောင်း ပူတာအိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ပူတာအိုမြို့နယ် အင်လွယ်ယန်းဒေသအတွင်းနှင့် လန်းတောင်ကျေးရွာတို့တွင် ဒေသခံများ၏ စိုက်ပျိုးမြေ ဧရိယာများအတွင်းနှင့် သမိုင်းဝင်နေရာ N’dum Latep (အင်ဒွမ်လတပ်) နေရာတို့တွင် အကြီးစားရွှေတူး ဖော်မူများပြုလုပ်နေသည့်အတွက် ဒေသခံများအတွက် နစ်နာဆုံးရှုံးမှုများရှိနေသည့်အတွက် အမြန်ဆုံး ဖယ်ရှားပေးစေခြင်းကြောင်း အင်လွယ်ယန်း ဒေသခံတစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ နှစ်ကစပြီး ပူတာအိုဘက်ကို ရွှေတူးဖော်ရေး လုပ်ငန်းရှင်တွေ ဝင်ရောက်လာတာ လက်နက်ကိုင် အဖွဲ့တွေရဲ့ သဘောတူညီချက်အရ လုပ်ဆောင်တာတွေလို့လည်း ပြောတယ်၊ အခုဆို တားလို့ မရဘူး ကျနော်တို့ လယ်ယာမြေတွေကိုပါ ရွှေတူးဖော်ဖို့ လုပ်နေတယ် ကချင်တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့နေရာ တွေကိုလည်း ဖျက်ဆီးနေကြပြီ နောက်ဆိုရင် ကျနော်တို့ လယ်ယာလုပ်ဖို့ အရမ်းခက်ခဲနေပြီ ရွှေတူး ဖော်သူတွေကို တာဝန်ယူပြီး လုပ်ခိုင်းတဲ့သူတွေ အားလုံးအမြန်ဆုံးတားမြစ်ပေးကြပါ” ဟု ၎င်းကပြောသည်။
အင်လွယ်ယန်း ကျေးရွာဧရိယာအတွင်း ဒေသခံများ၏ တောင်ယာနှင့်လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် လျာထားသောမြေနေရာများကို ရွှေတူးဖော်လာမှုကြောင့် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်နေကြသော ဒေသခံများ အခက်တွေ့နေကြောင်း အင်လွယ်ယန်း ဒေသခံတစ်ဦးက ထည့်သွင်း ပြောဆိုသည်။
အဆိုပါ ရွှေတူးဖော်နေကြသည့် လုပ်ငန်းရှင်းများ ဆက်လက် မလုပ်ဆောင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကျေးတာဝန်ခံများကို တရားဝင် စာထုတ်ပေးထားတာမျိုးရှိပြီး သက်ဆိုင်ရာ ပြည်နယ်သတ္ထုတွင်း ဌာနများကလည်း ယင်းရွှေတူးဖော်မှုများအား တားဆီးရန် စီစဉ်ထားရှိကြောင်း ပူတာအိုမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။
“ကျနော်တို့ လည်း အဲ့ဘက်ကို လုံခြုံရေးအရ သွားလာဖို့ ခက်ခဲတယ် အဲ့ဒါကြောင့် ရပ်ကျေးတာဝန်ခံတွေကို တားမြစ်ပေးဖို့ စာထုတ်ပြီး အကြောင်းကြားထားတွေရှိတယ်။ ပြီးတော့ ဒီရွှေတူးဖော်မှုကို ပြည်နယ် သတ္ထုတွင်း ကလည်း အဲ့သတင်းရလို့ မြေပြင်ကွင်းဆင်း ဆောင်ရွက်သွားဖို့ အစီအစဉ်တွေ ဆွဲထားတာတွေ ရှိတယ် အခု ချိန်မှာတော့ လုံခြုံရေးအရ နည်းနည်းခက်ခဲနေတယ် ထင်တယ် “ဟု ၎င်းက ရှင်းပြသည်။
လက်ရှိအချိန်တွင် အင်လွယ်ယန်ရွာအနီး၌ ရွှေတူးဖော်ရေး လုပ်ငန်းများ ယခင်ထက် ပိုမိုလုပ်ဆောင်လာမှုရှိ နေပြီး လယ်ယာမြေများပျက်စီးနေကာ ဒေသခံ ပြည်သူများ ၏ နောင်လာနောက်သား သားစဉ်မြေးဆက်များ ဆက်လယ်ယာဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် အမြန်ဆုံးတားမြစ်ပေးစေလိုကြောင်း ဒေသခံပြည်သူ များက ဆိုကြသည်။
ယခုကဲ့သို့ ရွှေတူးဖော်မှုကို အင်လွယ်ယန်ကျေးရွာအနီးပတ်ဝန်းကျင်တွင် ပြီးခဲ့သည့်နှစ် ဧပြီလခန့်မှ စတင် တူးဖော်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကျေးရွာဧရိယာအတွင်းရှီ ဒေသခံများ၏ စိုက်ပျိုးမြေဧရိယာအတွင်း ရောက်ရှိလာကြောင်းသိရသည်။
အင်လွယ်ယန်ကျေးရွာပါဝင်သော လန်းတောင်ကျေးရွာအုပ်စုသည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း (၁၆၀၀) ကျော်ခန့်နေထိုင်သောဒေသဖြစ်ကာ စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်နေသော ကျေးရွာဖြစ်သည်။
အဆိုပါ နေရာများတွင် ရွှေတူးဖော်မှုကို KIO လက်နက်ကိုင်အဖွဲ့က ခွင့်ပြုထားကို ဒေသခံများပြောကြား ချက်အရ သိရပြီး ယင်းရွှေတူးဖော်မှုကို အမြန်ဆုံး ရုတ်သိမ်းပေးရန် ဒေသခံများက KIO လက်နက်ကိုင်အဖွဲ့ ထံသို့ စာတင်အကြောင်းကြားတင်ပြထားကြောင်းလည်း သိရသည်။
မြတ်မင်း
#PeopleMedia #ကချင်ပြည်နယ်အစိုးရအဖွဲ့
(unicode)
…………………………………………………