• Follow Us on

Home ပေါက်မြို့နယ်ရှိ ပြည်သူ့စစ်ကျေးရွာများတွင် ရိက္ခာများ ပြတ်လပ်နေသဖြင့် အမြန်ပို့ပေးရန် ဒေသခံများ တောင်းဆို

ပေါက်မြို့နယ်ရှိ ပြည်သူ့စစ်ကျေးရွာများတွင် ရိက္ခာများ ပြတ်လပ်နေသဖြင့် အမြန်ပို့ပေးရန် ဒေသခံများ တောင်းဆို

Share this post

နေပြည်တော်၊ မေ ၂၉

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာနှင့် တရော်ကိုင်းကျေးရွာတွင် ရိက္ခာများ ပြတ်လပ်နေသဖြင့် ရိက္ခာများ အမြန်ပို့ ပေးရန် ဒေသခံများမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံ တောင်းဆိုနေကြသည်။

 

ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာနှင့် တရော်ကိုင်းကျေးရွာ စသည့် ပြည်သူ့စစ်ကျေးရွာများတွင် ရိက္ခာများ ပြတ်လပ်နေပြီဖြစ်ပြီး အကြိမ်ကြိမ် တင်ပြတောင်းခံထားသော်လည်း လက်ရှိအချိန်ထိ ရိက္ခာများ ရောက်ရှိ လာခြင်း မရှိသေးကြောင်း သိရသည်။

 

“ရိက္ခာတွေက ရွာကနေ ပိုက်ဆံစုပြီး မှာထားတာတွေပေါ့။ အရင်နှစ်တည်းက မှာထားတာ။ အရင်နှစ်ကလည်း ရိက္ခာ ယာဉ်တန်းက ရောက်မလာဘူး။ အခုလည်း မိုးမကျခင် ရိက္ခာယာဉ်တန်း ရောက်စေချင်တာပေါ့။ ဇီးပြား ရော တရော်ကိုင်းရော နှစ်ရွာလုံး စားစရာမရှိတော့ဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။

 

ဇီးပြားကျေးရွာနှင့် တရော်ကိုင်းကျေးရွာသည် ကျောချောင်းနံဘေးတွင် တည်ရှိသောပြီး မိုးတွင်းကာလတွင် ချောင်းရေများ များပြားလာလျှင် သွားလာရမလွယ်ကူသောကြောင့် မိုးမကျခင် ရိက္ခာများ အမြန်ဆုံး ပို့ဆောင် ပေးရန် ဒေသခံများက တောင်းဆိုနေကြခြင်းဖြစ်သည်။

 

ယင်းအပြင် ကျေးရွာအတွင်း ရိက္ခာများ ပြတ်လပ်နေခြင်းကြောင့် ရွာပြင်သို့ ထွက်ပြီး သစ်ဥသစ်ဖုများ ရှာဖွေ စားသောက်ရာတွင်လည်း PDF က ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းထိခြင်းများ ကြုံတွေ့နေရကြောင်း ဒေသခံ တစ်ဦးက ဆက်လက်ပြောသည်။

 

“ရွာမှာ စားစရာတွေ တအားပြတ်နေတော့ ရွာအပြင်ထွက်ပြီး သစ်ဥသစ်ဖု တူးတဲ့အခါကျတော့ PDF က ချောင်းပစ်တာနဲ့ မိုင်းမိတာနဲ့ ရှိကြတာပေါ့။ ပြီးတော့လည်း ရွာကို ဒရုန်းတွေနဲ့လည်း ဗုံးချတာတွေလည်း ရှိတော့ ဒဏ်ရာတွေ ရကြတယ်။ ကုဖို့ကလည်း ဆေးဝါးက မရှိတော့ ရွာသူရွာသားတွေ မသေသင့်ဘဲ သေနေကြရတာ ပေါ့” ဟု ၎င်းက ပြောသည်။

 

ရိက္ခာပြတ်လပ်သည့်ဒဏ်မခံနိုင်သောကြောင့် ကျေးရွာရှိ အချို့ ရွာသူ၊ ရွာသားများအနေဖြင့် မေလ (၂၆) ရက်က PDF ဘက်သို့ ကူးပြောင်းသွားကြကြောင်း သိရသည်။

 

ပခုက္ကူ- ဂန့်ဂေါ မီးရထား လမ်းပေါ်တွင် တည်ရှိသည့် ဇီးပြားကျေးရွာသည် ပေါက်မြို့နှင့် (၁၆)မိုင်ခန့်သာ ဝေးကွာပြီး ဇီးပြားကျေးရွာနှင့် တရော်ကိုင်းကျေးရွာသာ ပြည်သူ့စစ်ကျေးရွာများဖြစ်ကာ အနီးတစ်ဝိုက် ကျေးရွာများသည် PDF ထောက်ခံသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post