• Follow Us on

Home ပေါက်မြို့နယ် ဇီးပြားပြည်သူ့စစ်ကျေးရွာတွင် ရိက္ခာပြတ်တောက်လျက်ရှိ၊ စစ်ကြောင်းထိုးကာ လာပို့ပေးရန် ဒေသခံများ တောင်းဆို

ပေါက်မြို့နယ် ဇီးပြားပြည်သူ့စစ်ကျေးရွာတွင် ရိက္ခာပြတ်တောက်လျက်ရှိ၊ စစ်ကြောင်းထိုးကာ လာပို့ပေးရန် ဒေသခံများ တောင်းဆို

Share this post

နေပြည်တော်၊ ဩဂုတ် ၂၁

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဇီးပြားပြည်သူ့စစ်ကျေးရွာနှင့် တရော်ကိုင်းပြည်သူ့စစ်ကျေးရွာတွင် ရိက္ခာများ ပြတ်တောက်လျက်ရှိပြီး စစ်ကြောင်းထိုးကာ လာပို့ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

 

“ရိက္ခာမရောက်တာ တော်တော်ကြာပြီ။ ရဲစခန်းရှိတယ်။ ရဲရှိတယ်။ တပ်ရှိတယ်။ ပြည်သူ့စစ်တွေရှိတယ်။ ရွာသားတွေရော။ ရိက္ခာပြတ်တာက သုံးနှစ်လောက်ရှိပြီပေါ့။ ပိတ်ဆို့ခံထားရတာ။ လေယာဉ်နဲ့ လာပို့တာတော့ရှိတယ်။ တစ်ခါလာပို့ရင် ဆန်အိတ် (၄၀)အိတ်လောက်ပဲပါတာ။ အဲဒါက ဒီကလူဦးရေနဲ့ဆို ရက်ပိုင်းပဲ စားလို့ရတာပေါ့ဗျာ။ ဆားကတော့ တစ်လ တစ်လခွဲလောက်တော့ စားလို့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

တပ်မတော်မှ ရိက္ခာကို လေယာဉ်ဖြင့် လာရောက်ပို့ဆောင်သော်လည်း လူဦးရေနှင့် ရိက္ခာ မမျှတခြင်းကြောင့် တစ်ပတ်စာခန့်သာ စားသောက်၍ ရကြောင်း ဒေသခံတစ်ဦးက ထပ်ပြောသည်။

 

“ပြီးခဲ့တဲ့ တစ်ခါပို့တာ အရင်လကပေါ့။ လေယာဉ်နဲ့ လာချပေးသွားတာ။ ဆန်အိတ် (၇၀)လောက် ပါတယ်။ ဆားကတော့  ရွာသားတွေ အကုန်မျှလိုက်တာ တစ်အိမ် (၅)ကျပ်သားစီပဲရတယ်။ တစ်ပတ်လောက်ပဲ စားရတယ်။ လူဦးရေနဲ့ကျ မမျှဘူးလေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

လက်ရှိအချိန်တွင် ကျောင်းဖွင့်ကာလဖြစ်သော်လည်း ဆရာ၊ဆရာမများ၏ သင်ထောက်ကူ ပစ္စည်းများ ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းသုံးပစ္စည်းများ လုံးဝမရှိကြောင်းနှင့် ဒေသခံများ ပိုက်ဆံပေးကာ မှာထားသည့် ရိက္ခာများကိုလည်း လာရောက်ပို့ဆောင်ပေးခြင်းမရှိကြောင်း သိရသည်။

 

ယင်းနောက်တွင် ဇီးပြားပြည်သူ့စစ်ကျေးရွာသို့  စက်သုံးဆီနှင့် မီးဖိုချောင်သုံးပစ္စည်းများကို အဓိကထား ပို့ဆောင်ပေးစေလိုကြောင်းနှင့် စစ်ကြောင်းများထိုးကာ ပို့ဆောင်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

 

ပခုက္ကူ- ဂန့်ဂေါ မီးရထား လမ်းပေါ်တွင် တည်ရှိသည့် ဇီးပြားကျေးရွာသည် ပေါက်မြို့နှင့် (၁၆)မိုင်ခန့်သာ ဝေးကွာပြီး ဇီးပြားကျေးရွာနှင့် တရော်ကိုင်းကျေးရွာသာ ပြည်သူ့စစ်ကျေးရွာများဖြစ်ကာ အနီးတစ်ဝိုက် ကျေးရွာများသည် PDF ထောက်ခံသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post