ပေါက်မြို့နယ် ဇီးပြား၊ တရော်ကိုင်း ပြည်သူ့စစ်ကျေးရွာများတွင် ရိက္ခာပို့ပြတ်လပ်နေ၊ ရိက္ခာလာမပို့ပေးနိုင်ပါက ပြည်သူ့စစ်များကို နေရာတစ်ခုသတ်မှတ်ကာ အင်အားပူးပေါင်းပေးရန် ဒေသခံများပြော
PUBLISHED - October 31, 2024
နေပြည်တော်၊ အောက်တိုဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဇီးပြားနှင့် တရော်ကိုင်းပြည်သူ့စစ်ကျေးရွာများတွင် ရိက္ခာပြတ်လပ်နေပြီး ရိက္ခာများ လာရောက်မပို့ဆောင်နိုင်ပါက နေရာတစ်ခုသတ်မှတ်ကာ ပြည်သူ့စစ်များ အင်အားပူးပေါင်းပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
“ရွာတွေကို ရိက္ခာပို့ပေးလို့ရရင်လည်း ပို့ပေးစေချင်တာပေါ့။ ခုက ရိက္ခာပြတ်လပ်နေတော့ ပြည်သူ့စစ်ရွာတွေက လူတွေက တဖြည်းဖြည်းနဲ့ အပြင်ထွက်ကုန်ကြပြီ။ PDF တွေဆီ ရောက်ကုန်ကြတာ။ သူတို့လည်း မသွားချင်ဘူး။ ငတ်တော့ ရောက်ကုန်တယ်။ ရွာက လူဦးရေ လျော့တာပေါ့။ မြို့ပေါ်ရောက်တာလည်း မဟုတ်ဘူးလေ။ PDF ထဲရောက်ကုန်တာ။ ကိုယ့်လူတွေ အင်အားဆုံးရှုံးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် ရိက္ခာများ လာရောက်ပို့ဆောင်ပေးနိုင်ခြင်းမရှိပါက နေရာတစ်ခုသတ်မှတ်ကာ ပြည်သူ့စစ် ကျေးရွာကို ပူးပေါင်းပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
“သူတို့ ရိက္ခာမှ ပို့မပေးနိုင်ဘူးဆိုရင်လည်း ဒီရွာတွေ အကုန်လုံးကို ခေါ်ပြီးတော့ ပေါက်ဆိုပေါက်ပေါ့နော် တစ်နေရာမှာ စုပြီးတော့ နေခိုင်းပါလား။ အဲလိုမျိုးပဲ ဆုတ်ခိုင်းမလား။ အဲလိုမှ မဆုတ်ခိုင်းဘူးဆိုရင်လည်း သူတို့ ရိက္ခာရောက်အောင် ပို့ပေးစေချင်တယ်။ ဇီးပြား၊ တရော်ကိုင်းက ဝယ်ထားတဲ့ ရိက္ခာတွေက ကပစ ထဲမှာ အများကြီးပဲ။ တစ်နှစ်စာလောက် ရှိတယ်။ ပေါက်ကို ခေါ်တယ်ဆိုရင်တောင် ကျွန်တော်တို့က တစ်နှစ်စာ ထိုင်စားလို့ရတယ်။ ရိက္ခာတွေက။ အဲတော့ သူတို့က ပြည်သူ့စစ်တွေကို ပေါင်းပေးမလားပေါ့။ ပေါင်းပေးမယ် ဆိုရင်လည်း ကျွန်တော်တို့ ကိုယ့်အဖွဲ့နဲ့ကို တက်လာလို့ရတယ်။ အဲလိုမှ မဟုတ်ရင်လည်း ရိက္ခာလေး ဒီကြားထဲ ရောက်စေချင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
တရော်ကိုင်း၊ ဇီးပြား ပြည်သူ့စစ်ကျေးရွာများတွင် ရိက္ခာပြတ်လပ်မှုကြောင့် သက်ကြီးရွယ်အိုများ အာဟာရ ပြတ်လပ်ကာ သေဆုံးကုန်ကြကြောင်း သိရသည်။
“ဒီမှာက ရိက္ခာ မရောက်တော့ ငတ်နေတာ ကြာပြီလေ။ တချို့ သက်ကြီးရွယ်အိုတွေဆိုရင် အာဟာရပြတ်ပြီး တိမ်းပါးသွားကြတာရှိတယ်။ အဓိက ပြဿနာကတော့ ဆန်နဲ့ ဆားပေါ့ဗျာ။ စက်သုံးဆီလေးရယ် လိုအပ်တာပေါ့။ အဲဒါလေးတွေတော့ ရောက်အောင် ပို့ပေးစေချင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
#PeopleMedia