ပေါက်မြို့နယ် တရော်ကိုင်းနှင့် ဇီးပြားပြည်သူ့စစ်ကျေးရွာများတွင် ရိက္ခာမရောက်သည်မှာ တစ်နှစ်ကျော် ကြာပြီဖြစ်

PUBLISHED - July 4, 2024
နေပြည်တော်၊ ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ တရော်ကိုင်းနှင့် ဇီးပြားပြည်သူ့စစ်ကျေးရွာများသို့ ရိက္ခာမရောက်သည်မှာ တစ်နှစ်ကျော် ကြာမြင့်ပြီဖြစ်သောကြောင့် ရိက္ခာများ လာရောက်ပို့ဆောင်ပေးရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီထံ ဒေသခံများက တောင်းဆိုနေကြသည်။
ကျေးရွာသားများအနေဖြင့် ဆန်လုံးဝပြတ်တောက်သွားသည်မှာ (၆)လကျော်ရှိနေပြီဖြစ်ပြီး ပဲစေ့များ ပြုတ်စားခဲ့ရကြောင်းနှင့် ပဲစေ့များ ပြတ်လပ်သွားသည်မှာလည်း (၂)လခန့်ရှိပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် သစ်ရွက်၊ သစ်ဥများကို ဆားမပါဘဲ ပြုတ်စားနေကြရကြောင်း ဒေသခံများက ပြောသည်။
ကျေးရွာမှ ပြည်သူများအနေဖြင့် ပိုက်ဆံစုကာ ပခုက္ကူမြို့မှ ရိက္ခာများ ဝယ်ယူပြီး ကျေးရွာနှင့် (၈)မိုင်ခန့်အကွာ ကပစ (၂၄)တွင် ရိက္ခာများ ရောက်ရှိနေသော်လည်း တစ်နှစ်ကျော်ကြာသည်အထိ လာရောက် မပို့ဆောင်သောကြောင့် ယခုကဲ့သို့ အကူအညီတောင်းရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် စိုက်ပျိုးရန် မျိုးစပါးများ မှာယူထားကာ ကပစ (၂၄)သို့ ရောက်ရှိနေသော်လည်း လက်ရှိအချိန်ထိ လာရောက်ပို့ဆောင်ခြင်းမရှိသေးကြောင်း စပါးစိုက်ပျိုးရန် အချိန်ကာလ သိပ်မကျန်တော့သဖြင့် လာရောက်ပို့ဆောင်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
ယင်းနောက်တွင် ကျေးရွာရှိ အထက်တန်းကျောင်းမှ ကလေးများအနေဖြင့် သင်ထောက်ကူပစ္စည်းများ မရောက်ရှိသည်မှာ စာသင်နှစ် (၂)နှစ်ရှိပြီဖြစ်ကြောင်းနှင့် စာရေးရန် ဘောပင်၊ ခဲတံနှင့် ဆရာ၊ဆရာမသုံး မြေဖြူပင် မရှိတော့ကြောင်း ဒေသခံများကပြောသည်။
#PeopleMedia