ပဲခူးတိုင်းသို့ ဧပြီလအတွင်း ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ အလုပ်အကိုင်အခွင့်အလမ်း (၆၀) ဦး ဖန်တီး ပေးနိုင်ခဲ့
PUBLISHED - April 30, 2024
နေပြည်တော်၊ ဧပြီ ၃၀
တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စက်ရုံ လုပ်ငန်းများထူထောင်ရာတွင် သတ်မှတ်ထားသည့် စက်မှုဇုန်အတွင်း၌သာ ဦးစားပေးခွင့်ပြုပေး သွား ရမည်ဖြစ်ပြီး တည်ဆောက်ဆဲစက်ရုံများနှင့် ခွင့်ပြုချက်/လိုင်စင်ရရှိရေး စောင့်ဆိုင်းနေရသည့် စက်မှု လုပ်ငန်းများအတွက် လုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေးနှင့် ရုံးလုပ်ငန်းများတွင် ကြန့်ကြာမှုမရှိစေရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ဒေသခံလုပ်သားအင်အား များများ အလုပ်အကိုင် ဖန်တီးပေးနိုင်သည့် CMP လုပ်ငန်းများနှင့် ဒေသထွက် ကုန်ကြမ်းပစ္စည်းများဖြင့် ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းလူသုံးကုန် ထုတ်လုပ်သည့်စက်ရုံများကို ဦးစားပေးဖိတ်ခေါ်သွားရမှာ ဖြစ်ကြောင်း၊ ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ခေတ္တအတွင်းရေးမှူးက ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်တစ်ခုနှင့် တည်ရှိပြီးသား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတိုးတက်ထုတ်လုပ်မည့် စီမံချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များ က အကြံပြုဖြည့်စွက်တင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါလုပ်ငန်းများ၏ တင်ပြချက်များအရ ဧပြီလတွင် ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ဖက်စပ်နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ(၁)သန်းနှင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း (၆၀) ဦး ဖန်တီး ပေးနိုင်မည် ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်ဒေါ်လာ (၁၉၉.၀၁၅) သန်းနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမြန်မာကျပ် ငွေ (၈၁၁၁၁.၀၁၁) သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၁၁၅၉၇) ဦး ဖန်တီးပေးနိုင်ခဲ့သည်။
#PeopleMedia