ပဲခူးမြို့တွင် အရွယ်မရောက်သေးသည့် ကျောင်းသား (၁၇) ဦးကို အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်သည့် တာဝန်ခံကျောင်းအုပ်ဆရာကို အမှုဖွင့်တိုင်တန်း

PUBLISHED - January 24, 2025
နေပြည်တော်၊ ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မုက္ကလကျေးရွာရှိ အ-လ-က(ခွဲ) တွင် တာဝန်ခံကျောင်းအုပ်ဆရာမှ အရွယ်မရောက်သေးသည့် ကျောင်းသား(၁၇) ဦးကို အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုသည့် ထိုကျောင်းအုပ်ကို ကျောင်းသားမိဘများမှ ဇန်နဝါရီလ ၂၃ ရက်နံနက်ခင်းအချိန်တွင် အမှုဖွင့်တိုင်တန်း ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်နေ့တွင် မုက္ကလကျေးရွာရှိ အ-လ-က (ခွဲ) ရှိ အသက်(၂၉) နှစ်အရွယ် တာဝန်ခံကျောင်းအုပ်ဆရာ ဦးသက်ဇော်အောင်မှာ အသက် (၁၁) နှစ်အရွယ် (၄) တန်း ကျောင်းသားကို ကျောင်းဆင်းချိန် နေ့လည် ၃ နာရီ ၃၀ အချိန်တွင် ကျောင်းအုပ်ရုံးခန်းကော်ဇောပေါ်တွင် (၂) ရက်ဆက်တိုက် အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ (၂) ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရသည်။
“နောက်ဆုံးကျူးလွန်ခံရတာကတော့ အသက်(၁၁) နှစ်အရွယ် ကျောင်းသား။ အဲ့ကလေးက သူ့ကျူရှင်မှာ တတ်နေတဲ့ကလေးတော့မဟုတ်ဘူး။ ကျောင်းလွှတ်တော့ အဲ့ကလေးကို ရုံးခန်းထဲခေါ်ပြီး ပြုတာ။ အဲ့ကလေးက အိမ်ပြန်တဲ့အခါမှာ အမူအယာပျက်နေတော့ ဒီကိစ္စတွေပေါ်လာတာ။ သူကကျူရှင်သင်တယ်။ ကျူရှင်က ကလေးတွေလည်း ပြုလုပ်တာ။ မိဘတွေကို ပြန်ပြောရင် မှင်နီတားမယ် ကျောင်းထုတ်မယ်ပြောထားတာ။ စုစုပေါင်း ယောက်ျားလေး ၁၇ ယောက်။ ကလေးတွေကိုတောင် ဂျူတီဆွဲထားတာ။ တနင်္လာနေ့ဆို ဘယ်ကလေးအလှည့်၊ အင်္ဂါနေ့ဆိုဘယ်ကလေးအလှည့်ဆိုပြီး။ အဲ့ကြောင်းက Grade-9 ထိရှိတယ်။ ပြီးတော့ သူ့ကျောင်းအုပ် နေပြည်တော်မှာ သင်တန်းတတ်နေတော့ တာဝန်ခံကျောင်းအုပ်အနေနဲ့ လွှဲထားတာ” လို့ ပဲခူးမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာတစ်ဦးမှ ပြောသည်။
ထိုတာဝန်ခံကျောင်းအုပ်ဆရာ ဦးသက်ဇော်အောင်မှာ မုက္ကလကျေးရွာနှင့် အနီးနားရွာဖြစ်သည့် စိုင်တီ ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ထို (၁၇) ဦးအနက် (၁၆) ဦးကို ၎င်း၏နေအိမ်တွင် လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခဲ့ကြောင်း သိရသည်။
အဆိုပါလိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်သည့် တာဝန်ခံကျောင်းအုပ်ဆရာကို လိင်ပိုင်းဆိုင်ရာပြုကျင့်ခံရသည့် ကျောင်းသားများ၏ မိဘများမှ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မုက္ကလကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် စုဝေး တိုင်ပင်ပြီး ပဲခူးမြို့မရဲစခန်းတွင်အမှုဖွင့် တိုင်တန်းခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia