ပဲခူးမြို့တွင် အရွယ်မရောက်သေးသည့် ကျောင်းသား (၃၁) ဦးကို အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်ခဲ့ကြောင်း တာဝန်ခံကျောင်းအုပ်ဆရာမှ ထပ်မံထွက်ဆို

PUBLISHED - January 24, 2025
နေပြည်တော်၊ ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မုက္ကလကျေးရွာရှိ အ-လ-က (ခွဲ) တွင် တာဝန်ခံကျောင်းအုပ်ဆရာမှ အရွယ်မရောက်သေးသည့် ကျောင်းသား(၃၁) ဦးကို အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုလုပ်ခဲ့ကြောင်း ထိုကျောင်းအုပ်မှ ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထပ်မံထွက်ဆိုခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်နေ့တွင် မုက္ကလကျေးရွာရှိ အ-လ-က (ခွဲ) ရှိ အသက် (၂၉) နှစ်အရွယ် တာဝန်ခံကျောင်းအုပ်ဆရာ ဦးသက်ဇော်အောင်မှာ အသက် (၁၁) နှစ်အရွယ် (၄) တန်း ကျောင်းသားကို ကျောင်းဆင်းချိန် နေ့လည် ၃ နာရီ ၃၀ အချိန်တွင် ကျောင်းအုပ်ရုံးခန်း ကော်ဇောပေါ်တွင် (၂) ရက်ဆက်တိုက် အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ (၂) ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်ကို ပြုကျင့်ခံရသည့် မိဘများမှ ဇန်နဝါရီလ ၂၃ ရက်နံနက်ခင်းအချိန်တွင် အမှုဖွင့်တိုင်တန်းသောကြောင့် ထိုတာဝန်ခံကျောင်းအုပ်ကို ပဲခူးမြို့မရဲစခန်းတွင် စစ်ဆေးမေးမြန်ရာ ၎င်းမှာ အရွယ်မရောက်သေးသည့် ကျောင်းသား (၁၇) ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုလုပ်ခဲ့ကြောင်း ထွက်ဆိုထားသည်။
ထို့နောက် ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင်လည်း ကျောင်းသား (၃၁) ဦးကို အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုလုပ်ခဲ့ကြောင်း ထပ်မံထွက်ဆိုခဲ့သည်။
“လက်ရှိ ထပ်မံထွက်ဆိုချက်အရ ၃၁ ဦး ထပ်မံထွက်ပေါ်လာတယ်။ မနက်ခင်း ကျောင်း assembly စီချိန် ကလေးတစ်ချို့ ငိုနေလို့ မြို့နယ်မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးပေါ်ပေါက်ချက်ပါ။ တိုင်းပညာကို ယခုတင်ပြထားဆဲပါ” လို့ ပဲခူးမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာတစ်ဦးမှ ပြောသည်။
အဆိုပါလိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်သည့် တာဝန်ခံကျောင်းအုပ်ဆရာမှ အရွယ်မရောက်သေးသည့် ကျောင်းသားစုစုပေါင်း (၄၈) ဦးကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခဲ့ကြောင်း ထွက်ဆိုသည်။
Photo-Credit
#PeopleMedia