ပျက်ကျသွားတဲ့ အမေရိကန် F-35 တိုက်လေယာဉ် အပျက်အစီးတွေကို တွေ့ရှိ
PUBLISHED - September 19, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၉
ပျောက်ဆုံးနေတဲ့ F-35 တိုက်လေယာဉ် အပျက်အစီးတွေကို ရှာဖွေဖို့ ပြည်သူတွေကို အကူအညီတောင်းခံပြီး တစ်ရက်အကြာမှာ လေယာဉ်အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
တနင်္ဂနွေနေ့မွန်းလွဲပိုင်းက ပျောက်ဆုံးသွားတဲ့ F-35B Lightning II လေယာဉ်ရဲ့ အပျက်အစီးတွေကို တောင် ကယ်ရိုလိုင်းနားပြီနယ် ဝီလီယံဘမ်းစ် ကောင်တီမှာ တနင်္လာနေ့က တွေ့ရှိခဲ့ကြောင်း ချားလ်စတန် စစ်အခြေ စိုက်စခန်းက ပြောကြားခဲ့ပါတယ်။
“သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပျက်အစီးတွေကို ချားလ်စတန် စစ်အခြေစိုက် စခန်းရဲ့ အရှေ့မြောက်ဘက် နှစ်နာရီအကြာမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။” လို့ အခြေစိုက်စခန်းက လူမှုမီဒီ ယာမှာ ထုတ်ဖော်ပြောကြားခဲ့ပြီး ရှာဖွေမှုအတွင်း အကူအညီပေးအပ်ခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒေသခံတွေက အဆိုပါနေရာကို ရှင်းလင်းပေးဖို့ တောင်းဆိုထားကြပြီး” ပြန်လည်ထူထောင်ရေးအဖွဲ့က လုံခြုံ အောင်ဆောင်ရွက်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ဒီနေရာကို ဝင်ရောက်သွားလာခြင်းမပြုလုပ်ဖို့ တိုက်တွန်း ပါတယ်။ ဒီနေရာကို အမေရိကန်မရိန်းတပ်ဖွဲ့ကို ဒီနေညနေပိုင်းမှာ လွဲပြောင်းပေးဖို့ စီစဉ်နေပါတယ်။” လို့ အခြေ စိုက်စခန်းက ပြောပါတယ်။
တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီမှာ အမည်မဖော်ပြထားတဲ့ တိုက်လေယာဉ်မှူးတစ်ဦးက မြောက်ချာစတန်ရပ်ကွက် အတွင်းကို လုံခြုံရေးလေထီးနဲ့ ဆင်းသက်လာစဉ်ကတည်းက အာဏာပိုင်တွေက အဆိုပါလေယာဉ်ကို ရှာဖွေ နေခဲ့တာဖြစ်ပါတယ်။ လေယာဉ်မှူးကို ဆေးရုံပို့ဆောင်ခဲ့ရပြီး လက်ရှိအချိန်မှာ စိုးရိမ်စရာမရှိတော့ကြောင်း အမေရိကန်စစ်တပ်က ပြောပါတယ်။
ခန့်မှန်းခြေအားဖြင့် ဒေါ်လာ သန်း ၈၀ တန်လေယာဉ်ကို ပြန်လည်ရှာဖွေဖို့ ထူးထူးဆန်းဆန်း ပြည်သူတွေကို အမေရိကန်စစ်တပ်က အကူအညီတောင်းခံခဲ့တဲ့ပို့စ်ကြောင့် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုအများအပြားထွက် ပေါ်ခဲ့ပါတယ်။
အဆိုပါလေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ဒုတိယ F-35 တိုက်လေယာဉ်တစ်စီးကတော့ ချားလ်စတန်စစ်အခြေစိုက်စခန်းကို ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်လေယာဉ်တွေနဲ့ လေယာဉ်မှူးတွေဟာ တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းအနီးမှာရှိတဲ့ Beaufort အခြေစိုက် 2nd Marine Aircraft Wing နဲ့ မရိမ်းတိုက်ခိုက်ရေးလေ့ကျင့်ရေးတပ် ၅၀၁ တို့က ဖြစ်ကြောင်း သိရပါတယ်။
ထုတ်လုပ်သူ Lockheed Martin ရဲ့ အဆိုအရ F-35 ရဲ့ အဓိက အားသားချက်အရ ရေဒါအပြင် အဆင့်မြင့် အာရုံခံကိရိယာတွေနဲ့ပါ လေယာဉ်ကိုခြေရာခံဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ref; aljazeera
#PeopleMedia