ပြင်သစ်က ယူကရိန်းအတွက် SCALP ဒုံးကျည်တွေနဲ့ Mistral လေကာဒုံးကျည်တွေ ထပ်မံထောက်ပံ့မည်
PUBLISHED - November 12, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၂
ပြင်သစ်နိုင်ငံက ယူကရိန်းအတွက် SCALP ဒုံးကျည်တွေနဲ့ Mistral တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးဒုံး ကျည်တွေ ထပ်မံ ပေးပို့သွားမှာဖြစ်ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဆီဘာစတိန်းလီကောနျူက ပြော ကြားလိုက်ပါတယ်။
“စစ်မြေပြင်ရှေ့တန်းလိုင်း နောက်ဘက်ကို ယူကရိန်းနိုင်ငံက တိုက်ခိုက်နိုင်အောင်လို့ လာမယ့်ရက်ပိုင်းအတွင်း SCALP ဒုံးကျည်တွေ တင်ပို့ပေးသွားဖို့ ကျွန်တော်လက်မှတ်ရေးထိုးခဲ့ပါတယ်။” လို့ ပြင်သစ်သတင်းစာ Le Journal du Dimanche နဲ့ အင်တာဗျူးမှာ ဆီဘာစတိန်းလီကောနျူက ပြောပါတယ်။
“တိုက်ခိုက်ရေးနယ်မြေတွေကို ကာကွယ်သွားဖို့အတွက်လည်း Mistral လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် တွေကိုပါ ထပ်မံပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
လာမယ့်ဆောင်းတွင်းမှာ ရုရှားတပ်တွေ ယူကရိန်းနယ်မြေထဲကို ပိုမိုထိုးဖောက်ဝင်ရောက်ပြီး အရှိန်မြှင့်တိုက် ခိုက်လာမှာကို ရည်ရွယ်ပြီး လီကောနျူက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
စစ်ပွဲတွေ ပြီးဆုံးသွားတယ်ဆိုရင်တောင်မှ စစ်ဘေးဒဏ်သင့်နေတဲ့ ယူကရိန်းနိုင်ငံကို ပြင်သစ်နိုင်ငံအနေနဲ့ ရေ ရှည် ဆက်လက်ထောက်ပံ့သွားရမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး လီကောနျူက ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့ဝင် ၂၀၀၀ ဝန်းကျင်ကို ပြင်သစ်တပ်ဖွဲ့ဝင်တွေက ဆက်လက်လေ့ကျင့်သင်ကြားပေးနေကြောင်း လည်း လီကောနျူက ပြောပါတယ်။
အခုနောက်ဆုံး ပို့ဆောင်ပေးမယ့် ဒုံးကျည်တွေအပြင် ပြင်သစ်နိုင်ငံဟာ ကာမီကာဇေအသေခံဒရုန်း အစင်း ၁၀၀ နဲ့ ဒေါ်လာ ၃၂၄ သန်းတန်ကြေးရှိ ဆီဇာဟောက်ဝစ်ဇာအမြောက် ၁၂ လက်ကိုလည်း ထောက်ပံ့ခဲ့ပါတယ်။
ဥရောပဒုံးကျည်ထုတ်လုပ်ရေး MBDA ကုမ္ပဏီကထုတ်လုပ်တဲ့ SCALP-EG ဒုံးကျည်ဟာ ဗြိတိန်နိုင်ငံထုတ် Storm Shadow ဒုံးကျည်ကို ပြင်သစ် version နဲ့ ထုတ်လုပ်ထားတဲ့ ဒုံးကျည်ဖြစ်ပါတယ်။
အလေးချိန် ၂၈၆၆ ပေါင်ရှိပြီး ၁၆.၇ ပေ ရှည်လျားတဲ့ ဝေဟင်-မြေပြင်ပစ် SCALP ဒုံးကျည်ဟာ အကွာအဝေး ၁၅၅ မိုင်က ဘန်ကာတွေအပါအဝင် ရပ်တည်ပစ်မှတ်တွေကို ပစ်ခတ်နိုင်ပါတယ်။
ဒီအဆင့်မြင့်ပဲ့ထိန်းဒုံးကျည်ကို ပြင်သစ်နဲ့ ဗြိတိန်အပြင် ဂရိ၊ အီတလီနဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံတို့မှာလည်း အသုံးပြုနေပါတယ်။
တပြိုင်တည်းမှာပဲ အာရပ်စော်ဘွားများနိုင်ငံ (UAE) ကလည်း Black Shaheen လို့အမည်ပေးထားတဲ့ SCALP ဒုံးကျည် version တစ်မျိုးကို ထုတ်လုပ်ခဲ့ပါတယ်။
Ref: France to Send Additional SCALP, Mistral Missiles to Ukraine
#PeopleMedia