ပြင်သစ်အမြောက်တပ်ဖွဲ့တွေကို DT46 တာဝေးဒရုန်းတွေတပ်ဆင်မည်
PUBLISHED - June 26, 2024
နိုင်ငံတကာ၊ ဇွန် ၂၆
ပြင်သစ်ကြည်းတပ်ဟာ ဒီလဲယ်ကုမ္ပဏီ (Delair) ထုတ် DT46 တာဝေးဒရုန်းတွေဝယ်ယူပြီး ၎င်းတို့အမြောက် တပ်တွေရဲ့ ကင်းထောက်စွမ်းရည်တွေကို မြှင့်တင်သွားတော့မှာဖြစ်ပါတယ်။
ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ် ယူရိုစတိုရီစစ်လက်နက်ပစ္စည်းပြပွဲမှာ ထုတ်ဖော်ပြသခဲ့တဲ့ အဲဒီဒရုန်းကို လေကြောင်းပိုင်နက်စောင့်ကြည့်ထောက်လှမ်းဖို့နဲ့ ဝင်ရောက်လာတဲ့ ခြိမ်းခြောက်မှုတွေကို ကြိုတင်အချက်ပေး နိုင်အောင် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်။
ဒီဒရုန်းဟာ အမြောက်တပ်ဖွဲ့ဝင်တွေ နေရာပြောင်းဖို့ ဒါမှမဟုတ် အကာအကွယ်ယူဖို့အတွက် အထောက်အကူ ပြုနိုင်တဲ့အတွက် အမြောက်တပ်ဖွဲ့တွေအတွက် ဘေးကင်းလုံခြုံမှုကို မြှင့်တင်ပေးနိုင်ပါတယ်။
ဒီမောင်းသူမဲ့လေယာဉ်ဟာ မကြာသေးခင်ကပဲ နည်းဗျူဟာပိုင်းဆိုင်ရာဆန်းစစ်လေ့လာမှုတွေကို အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီး ကြမ်းတမ်းတဲ့အခြေအနေအမျိုးမျိုးအောက်မှာ အသုံးပြုတဲ့အခါ ဒရုန်းရဲ့ခံနိုင်ရည်ကို စမ်းသပ်ဖို့ အတွက် နောက်ထပ်စမ်းသပ်မှုတွေ ထပ်မံပြုလုပ်သွားမှာဖြစ်ပါတယ်။
ပြင်သစ်ကြည်းတပ်က DT46 ဒရုန်း ဘယ်နှစ်စင်းဝယ်ယူမယ်ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။
DT46 ဒရုန်းဟာ ထောင်လိုက်အတက်အဆင်းလုပ်နိုင်တဲ့ VTOL စွမ်းရည်ရှိတဲ့အတွက် အကန့်အသတ်ရှိတဲ့ နယ်မြေတွေမှာ အသုံးပြုဖို့ သင့်တော်တဲ့ဒရုန်းဖြစ်ပါတယ်။
ဒီဒရုန်းဟာ ရာသီဥတုအခြေအနေအမျိုးမျိုးမှာ အသုံးပြုနိုင်ပြီး အပူချိန် အနုတ် ၁၅ ကနေ အပေါင်း ၅၀ စင်စီး ယပ်စ် (၅ ဖာရင်ဟိုက်ကနေ ၁၂၂ ဖာရင်ဟိုက်) ကြားထဲအထိ အသုံးပြုနိုင်ပါတယ်။
၁၅ မိနစ်အတွင်း တပ်ဖြန့်ချထားနိုင်တဲ့ DT46 ဒရုန်းဟာ သာမန်လေယာဉ်တွေလို အလျားလိုက် (fixed-wing mode) ပျံသန်းရင် တစ်ဆက်တည်း ၆ နာရီကြာပျံသန်းနိုင်ပြီး ထောင်လိုက် (VTOL mode) ပျံသန်းရင် ၃ နာရီခွဲ ကြာပျံသန်းနိုင်ပါတယ်။
၂၅ ကီလိုမီတာ (၅၅ ပေါင်) အလေးချိန်သယ်ဆောင်နိုင်တဲ့ DT46 ဒရုန်းဟာ ကီလိုမီတာ ၁၀၀ (၆၂ မိုင်) အထိ ပျံသန်းနိုင်ပါတယ်။
ဒါ့အပြင် စောင့်ကြည့်ထောက်လှမ်းတာဝန်တွေနဲ့ ကင်းထောက်တာဝန်တွေထမ်းဆောင်ဖို့အတွက် ယူကရိန်းစစ် မြေပြင်မှာ အသုံးပြုခဲ့တဲ့ optronic pod ကိုလည်း DT46 ဒရုန်းမှာ တပ်ဆင်ထားပါတယ်။
DT46 ဒရုန်းတွေ ပြင်သစ်အမြောက်တပ်တွေကို ရောက်ရှိလာတာနဲ့ အမြောက်တပ်ရဲ့ပစ်ခတ်မှုစွမ်းရည်ကို မြှင့် တင်ပေးသွားမှာဖြစ်သလို မျက်မြင်ပစ်မှတ်ရှာဖွေမှုထက် ပိုမိုကျော်လွန်ပြီး ပစ်မှတ်တွေကို ပိုမိုတိကျစွာရှာဖွေ သွားနိုင်မှာလည်း ဖြစ်ပါတယ်။
Ref: France to Equip Artillery Units with DT46 Long-Range Drones
#PeopleMedia