ပြင်ဦးလွင်တပ်နယ်အနေဖြင့် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားရန် တပ်ချုပ်မှာကြား
PUBLISHED - September 25, 2024
နေပြည်တော် စက်တင်ဘာ ၂၅
ပြင်ဦးလွင်တပ်နယ်အနေဖြင့် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က မှာကြားလိုက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စက်တင်ဘာ ၂၃ ရက်နှင့် ယမန်နေ့တို့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြင်ဦးလွင်တပ်နယ်အနေဖြင့် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ တပ်နယ်အတွင်း နယ်မြေစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း မိမိတို့ တာဝန်ထမ်းဆောင်ရသည့်နယ်မြေအလိုက် ဒေသ၏နယ်မြေဒေသအခြေအနေများ၊ ဒေသဆိုင်ရာအချက်အလက်များကို ခြေခြေမြစ်မြစ် သိရှိထားရမည် ဖြစ်ကြောင်း၊ နယ်မြေခံတပ်များနှင့် ဒေသခံများတစ်သားတည်းဖြစ်နေရမည်ဖြစ်ပြီး အပြန်အလှန်ရိုင်းပင်း ကူညီခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နယ်မြေလုံခြုံရေး၊ ဒေသခံများ၏လုံခြုံရေးကို အတူတကွ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယနေ့မွန်းလွဲပိုင်း တွင် ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး (ညံတောဈေး) ၆ ထပ် အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုအဆင့်မြင့်ဈေးသစ် တည်ဆောက်စေခြင်းသည် ပြင်ဦးလွင်မြို့၏ လူနေမှုထူထပ်လာမှုများ၊ ခရီးသွားလာမှု များပြားလာမှုများနှင့် ကိုက်ညီသည့် အဆင့်မီဈေးတစ်ခုဖြစ်ပေါ်လာ စေရန်နှင့် ဒေသထွက်နှင့် အခြေခံသုံးကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းရရှိနိုင် စေရန် ရည်ရွယ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ စံပြဈေးဖြစ်ရမည်ဖြစ်ကြောင်း၊ ဒေသထွက်အသားများ၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများကိုလည်း စနစ်တကျထုပ်ပိုး၍ ထည့်သွင်းရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပွဲတော်ရာသီများ၌ ပြည်တွင်း၊ ပြည်ပခရီးသွားများလာရောက်ချိန်၌ ယာဉ်များစနစ်တကျရပ်နားနိုင်ရေး၊ စားသောက်ဆိုင်များ စနစ်တကျဖွင့်လှစ်နိုင်ရေး၊ ဆိုင်ခန်းများ စနစ်တကျရှိစေရေး ကြိုတင်တွက်ချက်ဆောင်ရွက်ထားရန်လိုကြောင်းဖြင့် မှာကြားသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ သမိုင်းဝင်မဟာရွှေမြင်တင်စေတီတော်ကြီးသို့သွားရောက် ဖူးမြော်ကြည်ညိုခဲ့သည်။
#PeopleMedia